ညောင်ဦး မေ ၉
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မန်ကျည်းလှောင်ပွဲစားများ မန်ကျည်းအသားဈေး ဈေးနှုန်းရရှိနေသလို မန်ကျည်းအစေ့ဈေးနှုန်းလည်း ဈေးကောင်းရရှိနေကြောင်း မန်ကျည်းလှောင်ပွဲစားများထံက သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသများတွင် မန်ကျည်ပင်များ ပေါများပြီး မန်ကျည်းသီးမှည့် ခူးဆွတ်ရောင်းချချိန် တစ်ပိဿာ ၃၀၀၀ ကျပ် ရောင်းချရပြီး၊ မန်ကျည်းပွဲစားများ မန်ကျည်းရသလောက် ဝယ်ယူကြကာ မန်ကျည်းအကြောသင်ခြင်း၊ အစေ့ထုတ်ခြင်းများအား အလုပ်သမားများ ငှါးရမ်းကာ အကြောသင်၊ အစေ့ထုတ်ခ တစ်ပိဿာ ၁၅၀ ကျပ်ပေး၍ မန်ကျည်းအသားအသန့်ပြုလုပ်၍ လှောင်ထားကြကြောင်း သိရသည်။ ကျောက်ပန်းတောင်းမြို့နယ်အတွင်း မန်ကျည်းအထွက်များသည့် ကျေးရွာများဖြစ်သည့် နတ်ကန်လည်ကျေးရွာ၊ လျှော်တောကျေးရွာ၊ ပုပ္ပားလွင်ကျေးရွာ၊ မုန့်ကုန်း၊ ညောင်ဖြူပင်ကျေးရွာများသည် မန်ကျည်းအမြောက်အများထွက်သည့် ကျေးရွာများဖြစ်ကြပြီး ကျေးရွာတိုင်း မန်ကျည်းအနည်းနှင့်အများ ထွက်ရှိကြကြောင်း၊ ထွက်ရှိလာသည့် မန်ကျည်းများကို ကျောက်ပန်းတောင်းမြို့ မန်ကျည်လှောင်ပွဲစားများထံ ရောင်းချကြကြောင်း သိရသည်။ ယခုနှစ်တွင် မန်ကျည်းသီးအသားအသန့် တစ်ပိဿာ ၄၅၀၀ ကျပ် ရောင်းချနေရပြီး၊ မန်ကျည်းအစေ့တစ်တင်းခွဲ အိတ်တစ်အိတ် ၅၅၀၀၀ ကျပ် ရောင်းချနေရခြင်းဖြစ်ကြောင်း၊ မန်ကျည်းစေ့ပြည်ပဝယ်လက်ကြောင့် ဈေးနှုန်းထပ်မံမြင့်တက်နိုင်သေးကြောင်း၊ မန်ကျည်းစေ့ အဓိကဝယ်ယူသည့်နိုင်ငံသည် တရုတ်နိုင်ငံဖြစ်ကြောင်းလည်း သိရသည်။
ဒီပါလင်း