နမ့်စန်(တ) မေ ၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် Xian(စီအန်) Electric Engineering Co.,Ltd တို့မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် (၁၃၂ ကေဗွီ) အထက်ကျိုင်းတောင်း-နမ့်စန်မဟာဓာတ်အားလိုင်း စီမံကိန်းအတွက် ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း လုပ်ငန်းစဉ်နှင့်ပတ်သက်၍ အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးခြင်း၊ သတင်းအချက်အလက်များ ထုတ်ဖော်တင်ပြခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ လက်ထောက် အင်ဂျင်နီယာ ဦးနိုင်ဇာစောဌေးက စီမံကိန်းလုပ်ငန်းဆိုင်ရာ အချက်အလက်နှင့်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ E Guard Evironmental Services မှ လက်ထောက်အကြံပေးပုဂ္ဂိုလ် ဒေါ်အိအိချောစုက ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း အစီရင်ခံစာ ရေးဆွဲနေမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် အခမ်းအနားတက်ရောက်လာကြသော သက်ဆိုင်ရာဌာနအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မြို့မိ၊ မြို့ဖများက စီမံကိန်းလုပ်ငန်နှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ စီမံကိန်းလုပ်ငန်းတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ (၁၃၂ ကေဗွီ) အထက်ကျိုင်းတောင်း-နမ့်စန်မဟာဓာတ်အားလိုင်း စီမံကိန်းတည်နေရာမှာ နမ့်စန်မြို့နယ်နှင့် မိုးနဲမြို့နယ်အတွင်းတည်ရှိပြီး လုပ်ငန်းပမာဏမှာ (၃၇)မိုင် ၊ (၂၀၈)တိုင် 132 KV (1)Bay ဖြစ်ပြီး စာချုပ်တန်ဘိုး ကျပ်သန်း (၁၁၄၆၂၁၈၄၆၆၇) ဖြင့် JV of Kaung Myat Thukha နှင့် Xian Electric Engineering Co.,Ltd တို့မှ တာဝန်ယူ ဆောင်ရွက် နေခြင်းဖြစ်ပြီး ယနေ့အထိ လုပ်ငန်းပြီးစီးမှု ရာခိုင်နှုန်း (၉၁) ရာခိုင်နှုန်း ရှိပြီဖြစ်ကာ အဆိုပါ စီမံကိန်းဆောင်ရွက်ပြီးစီပါက ဒေသခံပြည်သူများအနေဖြင့် အလုပ်ကိုင် အခွင့်အလမ်းများ တိုးတက်လာခြင်း၊ လျှပ်စစ်မီးရရှိမှု တိုးတက်လာခြင်းနှင့် ကုန်ထုပ်လုပ်ငန်းများ ဖွံ့ဖြိုးလာခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်