မုဒုံမြို့၌ အသက်မွေးဝမ်းကျောင်းကာလတိုသင်တန်းဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်

မုဒုံ     မေ     ၉

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းတွင် ဖွင့်လှစ်မည့် အသက်မွေးဝမ်းကျောင်း ကာလတိုသင်တန်းများဆိုင်ရာဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မုဒုံမြို့နယ်ပညာရေးမှူးဒေါ်မြဝင်းက အဖွင့်အမှာစကားပြောကြားပြီး ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ကျောင်းသား/ သူ၊ လူငယ်လူရွယ်များ ကျေးလက်နေအမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာရပ်များကို သင်ယူတတ်မြောက်စေကာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်သည်အထိ သင်တန်းကျောင်းမှ လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း ပြောကြားသည်။

မုဒုံမြို့နယ် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းတွင် ကာလတို(၆)လ လက်ရက်ကန်းသင်တန်း၊ စက်ရက်ကန်းတစ်နှစ်သင်တန်း၊ စက်ချုပ်သင်တန်း၊ လူသုံးကုန်၊ စားသောက်ကုန်သင်တန်း၊ သဘာဝချည်ဆိုးဆေးသင်တန်း၊ တိုင်းရင်းသားရိုးရာဂျပ်ခုတ်သင်တန်း၊ ဖဲနှပ်ကောက်သင်တန်းများကို နှစ်စဥ်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)