မလှိုင် မေ ၉
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် မေလ(၂)ရက်နေ့ ညနေ(၈)နာရီ(၃၅)အချိန်တွင် မိုးသက်လေပြင်းကျရောက်ခဲ့၍ လူနေအိမ်ပေါ်တွင် သစ်ပင်လဲကျခြင်း၊ အမိုးလန်ခြင်းများ ဖြစ်ပွားခဲ့သည့် လေဘေးသင့်နေအိမ်များအား ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန “ဇေယျာအောင်သံ” အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေးအပ်ပွဲတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အမှာစကားပြောကြားရာတွင် မိမိတို့မြို့နယ်အနေဖြင့် သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးမှုများအပေါ် နိုင်ငံတော်အစိုးရမှ အသိအမှတ်ပြုအလေးထား၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ ပျက်စီးဆုံးရှုံးမှုအပေါ်မူတည်၍ နိုင်ငံတော်မှထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မိုးသက်လေပြင်းကျရောက်ခဲ့၍ ပျက်စီးခဲ့သည့် အုပ်ဖိုကန်ကျေးရွာအုပ်စု၊ တောင်ကုန်းကျေးရွာမှ အိမ်ထောင်စု(၁)စုအတွက် ဆန်ရိက္ခာဖိုးငွေနှင့်အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၅၈၄၀၀)၊ ရေချိုဘူတာ ကျေးရွာအုပ်စု၊ သပြေပင်ကျေးရွာမှ အိမ်ထောင်စု(၁)စုအတွက် ဆန်ရိက္ခာဖိုးငွေနှင့်အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ်(၅၆၃၀၀)၊ ထန်းတောကျေးရွာအုပ်စု၊ ထန်းတောကျေးရွာမှ အိမ်ထောင်စု(၁)စုအတွက် ဆန်ရိက္ခာဖိုးငွေနှင့်အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ်(၆၆၈၀ဝ)၊ အမှတ်(၄)ရပ်ကွက်၊ နယ်မြေ(၄)ရှိ အိမ်ထောင်စု(၁)စုအတွက် ဆန်ရိက္ခာဖိုးငွေနှင့်အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ်(၃၇၈၀၀)၊ အမှတ်(၃)ရပ်ကွက်၊ နယ်မြေ(၃)ရှိ အိမ်ထောင်စု(၃)စုအတွက် ဆန်ရိက္ခာဖိုးငွေနှင့်အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ်(၄၂၄၀၀)ကို မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဆုဝေမိုးတို့က လေဘေးသင့်အိမ်ထောင်စုဝင်များအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
အဆိုပါနေ့က လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် လူနေအိမ်(၇)လုံးနှင့် အဆိုပါ အိမ်ထောင်စု(၇)စုမှ လူဦးရေ(၂၉)ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေကျပ်(၆၀၉ဝ၀)၊ အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ်(၂၀၀၈၀၀)၊ စုစုပေါင်းငွေကျပ်(၂၆၁၇၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)