ကော့မှူး မေ ၉
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းတို့ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၂ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ငှက်အော်စမ်းကျေးရွာ လူငယ်သင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ငှက်အော်စမ်းကျေးရွာလူငယ်သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးကျော်ဇင်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်မေဇင်ကိုကိုနှင့် မြို့နယ်စာရေးဆရာအသင်းအတွင်းရေးမှူးဦးခင်ဇော်(ခင်ဇော်-ကော့မှူး)တို့က ပြောကြားရာတွင် လူငယ်များ၏အခန်းကဏ္ဍသည် နိုင်ငံတစ်နိုင်ငံအတွက် အရေးပါသည်ဖြစ်သောကြောင့် မိမိတို့၏ဘဝများမြင့်မားတိုးတက်လာစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ကြိုးစားဆောင်ရွက်ကြရန်၊ အတွေးအခေါ်မှန်ကန်ပြီး စစ်မှန်သောမျိုးချစ်စိတ်ဓာတ်များပေါ်ထွန်းလာစေရန် အထူးပင်အရေးကြီးကြောင်း၊ မိမိကိုယ်ကိုကောင်းအောင်ကြိုးစားရင်း မိမိနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် တစ်တပ်တစ်အားပါဝင်ဆောင်ရွက်ကြရန်၊ လူငယ်များအနေဖြင့် တိုင်းပြည်နှင့်လူမျိုးအပေါ်ချစ်ခင်မြတ်နိုးစိတ်၊ ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် အနာဂတ်နိုင်ငံတော်ကိုဦးဆောင်နိုင်သည့် လူငယ်များဖြစ်လာအောင် ကြိုးစားနေထိုင်ကြစေလိုကြောင်းစသည့် လူငယ်များနှင့်ပတ်သက်သောအကြောင်းအရာများအား ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအသိပညာပေး နံရံကပ်စာစောင်များပြသထားရာ ကျောင်းသားများစိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကျော်သူရ (ပြန်/ဆက်)