ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ရိုးရာဖွဲ့သီအဆင့်မြင့်ဆေးရေးပန်းချီသင်တန်းဖွင့်လှစ်

ရန်ကုန် မေ ၉

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလများတွင် ကျောင်းသား/သူ၊ လူငယ်၊ လူရွယ်များ အတတ်ပညာ၊ အသိပညာများတိုးပွားစေရန် နွေရာသီအခမဲ့သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ရိုးရာဖွဲ့သီအဆင့်မြင့်ဆေးရေးပန်းချီသင်တန်းကို ယနေ့နံနက် ၉ နာရီမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

သင်တန်းတွင် ပန်းချီဆရာမောင်ရူပါက သင်တန်းသား(၁၀)ဦးအား အဆင့်မြင့်ဆေးရေးပန်းချီ ရေးဆွဲနည်းတွင်လိုအပ်သည့် ဆေးအရောင်စပ်နည်းများ၊ ပုံအချိုးအစားတိုင်းနည်းများ၊ ဆေးပန်းချီရေးဆွဲနည်းအဆင့်ဆင့်ကို သင်တန်းသား/သူ တစ်ယောက်ချင်းစီအား စနစ်တကျသင်ကြားပြသပေးခဲ့ပြီး ပန်းချီသင်တန်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့်အဖွဲ့ဝင်များက လာရောက်ကြည့်ရှုခဲ့ကြကြောင်းနှင့် ဆေးရေးပန်းချီသင်တန်းအား (၂၅)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

နွေရာသီအခြေခံပုံတူပန်းချီသင်တန်းအား မတ်လအတွင်း (၁၅)ကြာ သင်တန်းသား(၃၀)ဦးဖြင့် ပထမအကြိမ်ဖွင့်လှစ်ပေးခဲ့ပြီး အဆိုပါသင်တန်းမှ ထူးချွန်သင်တန်းသား/ သူများအားရွေးချယ်၍ ဒုတိယအကြိမ်အဆင့်မြင့်ဆေးရေးပန်းချီသင်တန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

 ဖြိုးစန္ဒာ(ပြန်/ဆက်)