မုဒုံမြို့နယ်ရှိ သောက်သုံးရေခက်ခဲနေသည့် ကျေးရွာနေပြည်သူများထံ သောက်သုံးရေများလှူဒါန်း

မုဒုံ    မေ    ၉

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် သောက်သုံးရေလိုအပ်ခက်ခဲနေသည့်  ကျေးရွာများထံ မီးသတ်တပ်ဖွဲ့များနှင့် လူမှုကူညီရေးအသင်းအဖွဲ့များက ယမန်နေ့ကသွားရောက်ပြီး ရေသယ်ယာဥ်များဖြင့် သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းပေးသည်။

ထိုသို့ သောက်သုံးရေများ သွားရောက်လှူဒါန်းရာတွင်  မုဒုံမြို့နယ်၊ ကမာဝက်မြို့နယ်မြေမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက ဝဲကလိကျေးရွာရှိ အိမ်ခြေ ၁၂၀၊ ကမာအုပ်ကျေးရွာအိမ်ခြေ ၁၃၅ အိမ်ရှိ ကျေးရွာနေပြည်သူများထံ သောက်သုံးရေဂါလန် ၁၆၀၀ ကိုလည်းကောင်း၊ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များမှ ကျိုက်ရွဲကျေးရွာရှိ စိုက်ကွက်(၇)ရော်ဘာခြံတွင် ၅၀၀၀ လီတာ၊ ညောင်ကုန်းကျေးရွာရှိ စိုက်ကွက်(၄)ရော်ဘာခြံတွင် ၂၅၀၀ လီတာ၊ ကျုံဖိုက်ကျေးရွာရှိ စိုက်ကွက် (၃) ရော်ဘာခြံတွင် ၂၅၀၀ လီတာကိုလည်းကောင်း သောက်သုံးရေများ အိမ်တိုင်ရာရောက် သွားရောက်ဖြန့်ဝေလှူဒါန်းပေးခဲ့သည်။

မုဒုံမြို့နယ်တွင် အပူရှိန်မြင့်တက်လာသည်နှင့်အမျှ သောက်သုံးရေများ ပြတ်လပ်မှုမရှိစေရေးအတွက် တာဝန်ရှိသူများနှင့် အရေးပေါ်လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များက နေ့စဥ်ဖြန့်ဝေလှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)