သင်္ဃန်းကျွန်းခရိုင်၌ ခရိုင်အဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၅/၂၀၂၄) ကျင်းပပြုလုပ်

သင်္ဃန်းကျွန်း မေ  ၉

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးအစည်းအဝေးခန်းမ၌ ယမန်နေ့ နေ့လယ် ၁ နာရီက ခရိုင်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၅/၂၀၂၄) ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သင်္ဃန်းကျွန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်က အဖွင့်အမှာစကားပြောကြားရာတွင် ဌာနဆိုင်ရာများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ဌာနအချင်းချင်းပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ မိမိရုံး၊ အိမ်၊ ဝန်ထမ်းအိမ်ရာများဆွေးမြေ့မီးကြိုးများရှိ/မရှိစစ်ဆေးပြီး ဂရုစိုက်ဆောင်ရွက်ကြစေလိုကြောင်း၊ အပူချိန်လွန်ကဲပြီးရေပြတ်လပ်တာတွေရှိသောကြောင့် သောက်ရေ၊ သုံးရေလှူဒါန်းနိုင်ရေးချိတ်ဆက်ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ တရားမဝင်ကုန်ပစ္စည်းများနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ပေးနေကြောင်း၊ မကြာမီကျောင်းများဖွင့်လှစ်တော့မည်ဖြစ်၍ ကျောင်းသန့်ရှင်းရေ၊ ဥပဓိရုပ်ကောင်းမွန်ရေးပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဖွင့်လှစ်သည့် စာကြည့်တိုက်များကို နိုင်ငံတော်ဝန်ကြီးချုပ်နှင့် မိသားစုကလှူဒါန်းမှုတွေပြုလုပ်နေကြောင်း၊ ကျေးရွာစာကြည့်တိုက်တစ်တိုက်လျှင် ကျပ်သိန်း(၁၅၀)ဖြင့် လှူဒါန်းနိုင်ရန်အတွက် ဌာနဆိုင်ရာများအနေဖြင့် လှူဒါန်းနိုင်ကြောင်း၊ လှူဒါန်းနိုင်ရေးနှိုးဆော်ပေးကြစေလိုကြောင်း၊ စာအုပ်စာစောင်များလှူဒါန်းနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် ချိတ်ဆက်လှူဒါန်းပေးစေလိုကြောင်း၊ စာပေဖတ်ရှုမှုနှုန်းမြင့်မားလာစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်ပေးရန်လိုကြောင်း၊ ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များ ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ကြစေလိုကြောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်၍ မီးပွိုင့်များတွင် တောင်းရမ်းစားသောက်မှုမရှိစေရေး ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ ယာဉ်ကြံခိုင်မှုရှိစေရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြစေလိုကြောင်းစသည်ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် အတွင်းရေးမှူးတို့က လုံခြုံရေးကိစ္စရပ်များ၊ သန်းခေါင်စာရင်းကောက်ယူမည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး ရန်ကင်း၊ တာမွေ၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများကလည်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍လည်းကောင်း၊ တက်ရောက်လာသည့် ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများကလည်း မိမိတို့ဌာနဆောင်ရွက်နေသည့်လုပ်ငန်းများနှင့်ပတ်သက်၍လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြရာ သင်္ဃန်းကျွန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)