အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ပထမအဖွဲ့ခွဲ၏ ပဉ္စမအကြိမ် ပဉ္စမအစည်းအဝေးကျင်းပ

ရန်ကုန်  မေလ  

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ပထမအဖွဲ့ခွဲ၏ ပဉ္စမအကြိမ် ပဉ္စမအစည်း အဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ သီတင်းသုံးတော်မူရာမဟာနာယကကျောင်းတော်ကြီး၏ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် သဘာပတိအဖြစ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တကောဝိဒ(မိတ္ထီလာဆရာတော်)က ဆောင်ရွက်တော်မူပြီး အခမ်းအနားမှူးအဖြစ်တွဲဖက်အကျိုးတော်ဆောင်၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတကဓဘဒ္ဒန္တပညာဓဇ(ပုဇွန်တောင်ဆရာတော်)က ဆောင်ရွက်တော်မူသည်။

အစည်းအဝေးကို “သာသနဿစလောကဿ” အစချီသောဂါထာကို ၃ ကြိမ်ရွတ်ဆို၍ဖွင့်လှစ်တော်မူကြပြီး ဒုတိယဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တကောဝိဒ(မိတ္ထီလာဆရာတော်)က သြဝါဒကထာ မြွက်ကြားတော်မူသည်။

ထို့နောက် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ပထမအဖွဲ့ခွဲ၏ ပဉ္စမအကြိမ်၊ ပဉ္စမအစည်းအဝေးမှတ်တမ်း(ပ-ပဉ္စ၄/၂၀၂၄)ကို ဖတ်ကြားအတည်ပြုတော်မူကြပြီး ဝိနိစ္ဆယရေးရာတင်ပြချက်များ၊ သာသနာရေးရာတင်ပြချက်များ၊ ပညာရေးရာတင်ပြချက်များနှင့် အထွေထွေကိစ္စရပ်များကိုဆွေးနွေးဆုံးဖြတ်တော်မူကြကာ အစည်းအဝေးကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” ၃ ကြိမ် ရွတ်ဆိုဆုတောင်း၍   ရုပ်သိမ်းခဲ့သည်။

အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့တာဝန်ကျ(ပထမအဖွဲ့ခွဲ)အဖွဲ့ဝင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝါယာမ(တံတားဦးဆရာတော်)မှ တစ်ပါးကျန်ဆရာတော်၁၄ပါး တက်ရောက်ကြပြီး သာသနာရေးဦးစီးဌာန၊ သာသနာရေးရာနှင့်ဝိနိစ္ဆယဌာနခွဲ၊ ညွှန်ကြားရေးမှူးနှင့်သာသနာရေးဦးစီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့‌ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)