ပုံပါကျင်မြို့(Community Centre) ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ပုံပါကျင် မေ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်များ ဘက်စုံထူးချွန်သော လူရည်ချွန်များဖြစ်လာစေရန် ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီက Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ ဒေါ်အိအိဖြိုးက လူငယ်များ လူရည်ချွန်၊ လူရည်မွန်များ ဖြစ်လာစေရေးနှင့် နောင်တစ်ချိန်တွင် နိုင်ငံတော်ကအားထားရသည့် လူတော်၊ လူကောင်းများ ဖြစ်လာစေရေး၊ မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်လာစေရေး၊ စာရိတ္တကောင်းမွန်စေရေး၊ ဗလငါးတန်ပြည့်စုံစေရေးနှင့်  ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးအကြောင်းအရာများကို ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာကြသော ကျောင်းသူ၊ ကျောင်းသားလေးများအား ပြသထားသော မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်တွင် ပါဝင်သော အကြောင်းအရာများအား ကျောင်းသူ၊ ကျောင်းသားများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

အိအိဖြိုး(ပြန်/ဆက်)