တောင်သာမြို့တွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲများစတင်ပေး

တောင်သာ နိုဝင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ယနေ့နံနက်(၆)နာရီမှ စတင်ကျင်းပရာ တောင်သာမြို့နယ် ရှိ  ရပ်ကွက်/ကျေးရွာများမှ  မဲရုံများတွင် ပြည်သူများ အေးချမ်းစွာလာရောက်မဲပေးလျက် ရှိကြောင်း သိရသည်။

ပြည်သူအများ လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံဝန်ထမ်းများက ပြည်သူများ ဆန္ဒမဲ ပေးနေမှုကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ တောင်သာမြို့နယ်တွင် မဲဆန္ဒနယ်မြေ (၂) ခုရှိရာ မဲဆန္ဒနယ်မြေအမှတ်(၁)တွင် မဲရုံပေါင်း(၁၇၆)ရုံ၊ မဲဆန္ဒနယ်မြေအမှတ်(၂)တွင် မဲရုံ ပေါင်း (၁၄၆)ရုံ၊ စုစုပေါင်းမဲရုံ(၃၂၂)ရုံရှိသည်။ မဲဆန္ဒနယ်မြေအမှတ် (၁) ဆန္ဒမဲ ပေးပိုင်ခွင့်ရှိ သူ(၉၄၁၂၁)ဦး၊ မဲဆန္ဒနယ်မြေအမှတ်(၂)တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၉၃၇၄၈) ဦးရှိသည့်အတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း(၁၈၇၈၆၉) ဦး ရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)