သီပေါ မေ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မြညီလာခန်းမတွင် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းစာမေးပွဲနှင့် သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်၌ ဖွင့်လှစ်သော ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းတွင် တက်ရောက်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား နံနက်(၈)နာရီအချိန်၌ စာမေးပွဲစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း ဆက်လက်၍ သင်တန်းဆင်းပွဲ အခမ်းအနားကို နံနက်(၁၁)နာရီအချိန်က ကျင်းပခဲ့ရာ အထက်တန်းပြဆရာမ ဒေါ်ခင်နှင်းနွယ်က သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။
ထို့နောက် သင်တန်းတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူ(၅)ဦးတို့အား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းနှင့် သင်တန်းကို မေလ(၂)ရက်နေ့မ(၈)ရက်နေ့အထိ (၇)ရက်ကြာ သင်တန်းနည်းပြ(၆)ဦးတို့က သင်ကြားပြသဖွင့်လှစ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ သင်တန်းသို့မြို့နယ် အတွင်းရှိကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခင်လေး(သီပေါ၊ ပြန်/ဆက်)