သောက်သုံးရေအခက်အခဲရှိသည့်ကျေးရွာသို့ သောက်သုံးရေ ဂါလံ ၂၄၀၀ လှူဒါန်း

ကျိုက်မရော မေ ၈

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း နွေရာသီသောက်သုံးရေများ အခက်အခဲမရှိစေရေး အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ သောက်သုံးရေများ အဆက်မပြတ်လှူဒါန်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက သောက်ရေအခက်အခဲရှိသည့် ပိန်းနဲကုန်းကျေးရွာအုပ်စုမှ ကြက်သွန်ကုန်းကျေးရွာသို့ ရေဂါလံ ၂၄၀၀ ကို မီးသတ်ရေသယ်ယာဥ်ဖြင့် သွားရောက်ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ သောက်ရေများလှူဒါန်းရာ၌ ကျိုက်မရောမြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးတင်သောင်းဦး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင် ၄ ဦးတို့ဖြင့် သောက်သုံးရေဂါလံ ၂၄၀၀ ကို အိမ်တိုင်ရာရောက်လိုက်လံလှူဒါန်းပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

မိချို (ကျိုက်မရော)