ဘီးလင်းမြို့နယ်၌ ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် အန္တရာယ်ဖြစ်နိုင်ခြေ သိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူ နေထိုင်ရေးစီမံကိန်းအသိပညာ​ပေးလှုပ်ရှားမှု ဆောင်ရွက်

ဘီးလင်း မေ ၈

ယနေ့ မေလ ၈ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အဖြစ် မွန်ပြည်နယ် ကြက်ခြေနီကြီးကြပ်ရေးကော်မတီနှင့် ဘီးလင်းမြို့နယ် ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းပြုလုပ်သော အန္တရာယ်ဖြစ်နိုင်ခြေ သိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာ ပြုမူနေထိုင်ရေး စီမံကိန်းအသိပညာ​ပေး လှုပ်ရှားဆောင်ရွက်မှုအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာ သော်ကမြောင်ပရဟိတဂေဟာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး တက်ရောက်လာသူများအား သော်ကမြောင်ပရဟိတဂေဟာကျောင်းမှ ဆရာတော် အရှင်ဥတ္တရသာရက အဖွင့်သြဝါဒကထာမြွက်ကြားခဲ့သည်။

ဆက်လက်၍ ဘီးလင်းမြို့နယ် ကြက်ခြေနီအသင်းမှ အဖွဲ့ဝင် ဦးကျော်ဝင်းက ကမ္ဘာ့ကြက်ခြေနီနေ့ အန္တရာယ်ဖြစ်နိုင်ခြေ သိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူ နေထိုင်ရေးစီမံကိန်း အသိပညာ​ပေးလှုပ်ရှား မှုဆောင်ရွက်ပြုလုပ်ပေးရခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် အန္တရာယ်ဖြစ်နိုင်ခြေ သိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူနေထိုင်ရေး စီမံကိန်းအသိပညာ​ပေးလှုပ်ရှားမှု ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် လှုပ်ရှားမှုအစီအစဉ်နှင့် ပတ်သက်၍ မေးမြန်းဖြေကြားခြင်းများကို ကျင်းပပြုလုပ်ပေးခဲ့ရာ ဘီးလင်းမြို့နယ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၂) ကျောင်းနှင့် ပရဟိတကျောင်း(၂)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၁၂ ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ယင်းနောက် ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ပြိုင်ပွဲတွင် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများကို ဘီးလင်းမြို့နယ် သော်ကမြောင်ပရဟိတဂေဟာ ကျောင်းတိုက်ဆရာတော် အရှင်ဥတ္တရသာရနှင့် တာဝန်ရှိသူများက ဆုလက်ဆောင်များ ပေးအပ်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အန္တရာယ်ဖြစ်နိုင်ခြေ သိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူ နေထိုင်ရေးစီမံကိန်း အသိပညာပေးလှုပ်ရှားဆောင်ရွက်မှု နံရံကပ်ဓါတ်ပုံများ၊ မိုင်းအန္တရာယ် အသိပညာပေး စာအုပ်၊ စာစောင်များနှင့် သဘာဝဘေးကာကွယ်ရေး ပစ္စည်းများခင်းကျင်းပြသထားမှုကို လိုက်လံကြည့်ရှုစေခဲ့ကြောင်း သိရသည်။

 မြို့နယ် (ပြန်/ဆက်)