ရွှေကူမြို့၌ ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် အခြေခံရှေးဦးသူနာပြုစုခြင်း သင်တန်းဆင်းပွဲကျင်းပ

ရွှေကူ မေ ၈

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်တွင် ၂၀၂၄ ခုနှစ် မေလ ၈ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် (၁/၂၀၂၄) အခြေခံအဆင့် ရှေးဦးသူနာပြုစုခြင်း သင်တန်းဆင်းပွဲကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဂုဏ်ရည် ခန်းမ၌ယနေ့ နံနက် ၉ နာရီခန့်က ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

 သင်တန်းဆင်းပွဲတွင် ကြက်ခြေနီသင်တန်းသူ သင်တန်းသားများက "ကြက်ခြေနီ" သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်မြတ်မြတ်နွယ်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ထို့နောက် မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးတင်ယုက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊မြန်မာနိုင်ငံကြက်ခြေနီအသင်း စတင်ဖွဲ့စည်းခဲ့သည့် ရည်ရွယ်ချက်များ၊ ပြည်သူ့အကျိုးပြုဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။

 အဆိုပါ (၁/၂၀၂၄) အခြေခံအဆင့် ရှေးဦးသူနာပြုစုခြင်းသင်တန်းအား ပညာရေးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ပူးပေါင်း၍ မေလ ၂ ရက်နေ့မှ စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး အခြေခံပညာကျောင်းများမှ သင်တန်းသူသင်တန်းသား (၁၀၀) ဦးတို့အား ရှေးဦးသူနာပြုစုခြင်းနှင့် စိတ်ပိုင်းဆိုင်ရာအားပေးကူညီမှုများ၊ ရှေးဦးပြုစုခြင်းသဘောတရားများ၊ ဆေးထည့်ခြင်းနှင့် ပတ္တီးစည်းနည်းများ၊ အခြေခံအသက်ကယ်အထောက်အကူပြုနည်းများကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ ဝင်များနှင့်ကျန်းမာရေးဝန်ထမ်းများက စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)