မော်လမြိုင် မေ ၈
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(လေ)၊ မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တို့မှ ပူးပေါင်းစီစဉ်ဖွင့်လှစ်သော မော်လမြိုင်သင်တန်းစခန်း ရေကြောင်းလူငယ်အခြေခံ/တန်းမြင့်သင်တန်းနှင့် အခြေခံလေကြောင်း လူငယ်သင်တန်းများအား ဖွင့်လှစ်ပို့ချလျက်ရှိကြောင်းသိရသည်။ အဆိုပါသင်တန်းသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်လင်းမောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်၀န်ကြီးများ၊ တပ်မတော်အရာရှိကြီးများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့နယ်၊ ရွှေနတ်တောင်ရေလှောင်တမံသို့ ရောက်ရှိခဲ့ကြပြီး မော်လမြိုင်သင်တန်းစခန်း ရေကြောင်းလူငယ်အခြေခံ/ တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၄)၌ ရေကြောင်းဆိုင်ရာဘာသာရပ်များအား လက်တွေ့ပို့ချသင်ကြားနေမှု အခြေအနေများအပေါ် ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ရေကြောင်းလူငယ်အခြေခံ/ တန်းမြင့်သင်တန်းအတွက် ထောက်ပံ့ငွေများအားလည်းကောင်းနှင့် တိုင်းမှူးမှ သင်တန်းသူ၊ သင်တန်းသားများအတွက် စားသောက်ကုန်ပစ္စည်းများအားလည်းကောင်း ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က မော်လမြိုင်သင်တန်းစခန်း ရေကြောင်းလူငယ်အခြေခံ/ တန်းမြင့်သင်တန်းရှိ တာဝန်ခံအရာရှိများ၊ သင်တန်းနည်းပြများတွေ့ဆုံ၍ သင်တန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် အခြေခံပညာအထက်တန်းကျောင်း(ရွှေနတ်တောင်)၌ အခြေခံလေကြောင်း လူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၄) လေကြောင်းဆိုင်ရာ ဘာသာရပ်များအား ဖွင့်လှစ်ပို့ချနေမှု အခြေအနေများအပေါ် ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အခြေခံလေကြောင်း လူငယ်သင်တန်းအတွက် ထောက်ပံ့ငွေများနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က သင်တန်းသူ၊ သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)