တောင်ဥက္ကလာပ မေ ၈
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ သင်ထောက်ကူပြုမော်တော်ယာဉ်ဖြင့် လုပ်ငန်းခွင်အရောက် အလုပ်သမားဥပဒေပါရပိုင်ခွင့်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက တောင်ဥက္ကလာပမြို့နယ်ရှိ KORACE အထည်ချုပ်စက်ရုံနှင့် PW & GG Co., Ltd (သစ်အချောထည်) စက်ရုံတို့၌ ပြုလုပ်ခဲ့သည်။
အသိပညာပေးဆွေးနွေးပွဲတွင် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ သင်္ဃန်းကျွန်းခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်မမလေးနှင့် ဒဂုံမြို့သစ်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသူရအောင်တို့က အလုပ်သမားဥပဒေပါ ရပိုင်ခွင့်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ယခုကဲ့သို့ အသိပညာပေးဆွေးနွေးမှုများကိုပြုလုပ်ခြင်းဖြင့် အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် အလုပ်သမားဥပဒေများကိုသိရှိလာစေရန်၊ အလုပ်ရှင်၊ အလုပ်သမားများ၏ လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်အေးချမ်းသာယာစေရန်နှင့် ကုန်ထုတ်လုပ်မှုတိုးတက်ကာ နိုင်ငံ၏ စီးပွားရေးကဏ္ဍများကို များစွာ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)