တာချီလိတ် မေ ၈
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း (ခ) ရပ်ကွက်ရှိ နဂါးနှစ်ကောင်ကျောင်းတိုက်၏ ဦးစီပဓာန မဟာနာယက ဆရာတော်၊ နာယကဆရာတော်နှင့် ကျောင်းထိုင်လက်ထောက်ဆရာတော်များအဖြစ် ရွေးချယ်တင်မြှောက်ခြင်းမင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကျင်းပသည်။
ဦးစွာ ပန်းဒကာဦးဆောင်သော ဒါယိကာ ဒါယိကာမတို့နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က ရတနာသုံးပါးအား ရှိခိုးပူဇော်ကန့်တော့၍ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ယင်းနောက် ကျောင်းထိုင်ဆရာတော်၊ နာယကဆရာတော်နှင့် တိုက်အုပ်ဆရာတော်များ ရွေးချယ်တင်မြှောက်ရာ ဆရာတော် ဘဒ္ဒန္တ ဓမ္မရက္ခိတ (ပြည်နယ်သံဃနာယက) ဆရာတော်အရှင်သူမြတ်အား နာယကဆရာတော် (၁) ဖြစ်လည်းကောင်း၊ ဆရာတော် ဘဒ္ဒန္တ သုဝဏ္ဏသာရ အရှင်သူမြတ်အား နာယကဆရာတော် (၂) ဖြစ်လည်းကောင်း၊ ဆရာတော် ဘဒ္ဒန္တ သုဓမ္မ B.A. (Buddhism), ဂုဏ်ထူးဆောင် M.A. (သီရိလင်္ကာ)၊ ဂန္တဝါစကပဏ္ဍိတ၊ မဟာဂန္ထဝါစကပဏ္ဍိတ၊ မြို့နယ်သံဃနာယကအဖွဲ့အကျိုးတော်ဆောင် ဆရာတော်အရှင်သူမြတ်အား နဂါးနှစ်ကောင်ကျောင်းတိုက်၏ ဦးစီးပဓာနမဟာနာယက ကျောင်းထိုင်ဆရာတော်အဖြစ်လည်းကောင်း၊ ဆရာတော် ဘဒ္ဒန္တပညာဝရ အရှင်သူမြတ်အား ကျောင်းထိုင်လက်ထောက်ဆရာတော်အဖြစ်လည်းကောင်း ရွေးချယ် တင်မြှောက်ပြီး သံဃာတော်များက “ဇယန္တော” အစချီသောဂါထာရွတ်ဆိုကာ နာယက၊ ကျောင်းထိုင်နှင့် ကျောင်းထိုင်လက်ထောက်ဆရာတော်များအဖြစ် အသိအမှတ်ပြု လက်မှတ်များ ဆက်ကပ်အပ်နှင်းကြသည်။
ထို့နောက် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်း၊ စစ်ဗျူဟာ(အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သူရဇော်လွင်စိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကို တို့ဦးဆောင်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ကျိုင်းတုံမြို့၊ သီလဓမ္မကုန်းသာ ကျောင်းတိုက် ဦးစီးပဓာန မဟာနာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဝစီပိတ်ဆရာတော် ဘုရာကြီးထံမှ ရေစက်ချအနုမောဒနာတရားနားကြား၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကာ “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနား ရုတ်သိမ်းခဲ့ ကြောင်း သိရသည်။
ကျော်ဇေယျာလင်း(ပြန်/ဆက်)