နောင်တရားမြို့ မဲရုံများ၌ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေး

နောင်တရား   နိုဝင်ဘာ ၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၊ အမှတ်(၁) ရပ်ကွက်၌ ဖွင့်လှစ်ထားသည့် မဲရုံအမှတ်(၁)တွင် ၂၀၂၀ ပြည့်နှစ်၊ ယနေ့ နံနက်(၆)နာရီမှ စတင်၍ မဲဆန္ဒရှင်ပြည်သူများ တက်ကြွစွာလာရောက် ဆန္ဒမဲပေးကြကြောင်း သိရသည်။

နောင်တရားမြို့ အမှတ်(၁)ရပ်ကွက်တွင် မဲရုံနှစ်ရုံ၊ အမှတ်(၂)ရပ်ကွက်တွင် မဲရုံတစ်ရုံ၊ အမှတ်(၃)ရပ်ကွက်တွင် မဲရုံတစ်ရုံ ဖွင့်လှစ်ထားပြီး မဲဆန္ဒရှင်ပြည်သူ (၃၄၅၈)ဦးရှိကြောင်း သိရသည်။ မဲဆန္ဒရှင်ပြည်သူများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များနှင့်အညီ နှာခေါင်းစည်းများတပ်ဆင်ခြင်း၊ ခြောက်ပေ အကွာဖြင့်တန်းစီခြင်း၊ လက်ဆေးခြင်း၊ မဲရုံတာဝန်ရှိသူများက ကိုယ်အပူချိန်တိုင်းတာခြင်းအား ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ငြိမ်းချမ်းစွာ ဆန္ဒမဲပေးကြကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)