ကျောက်ဖြူ မေ ၈
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး မေလ ၃ ရက်နေ့မှစ၍ အခမဲ့ဖွင့်လှစ်လျက်ရှိသည့် အခြေခံအင်္ဂလိပ်စာသင်တန်းနှင့် အခြေခံပန်းချီသင်တန်းတို့တွင် သင်တန်းသား၊ သင်တန်းသူများက စိတ်ပါဝင်စားစွာဖြင့် သင်ယူလျက်ရှိသည်။
အဆိုပါ အခြေခံအင်္ဂလိပ်စာသင်တန်းကို သင်တန်းနည်းပြဆရာ ဦးအောင်နိုင်ဝင်းက သင်တန်းသား၊ သင်တန်းသူများအား အင်္ဂလိပ်စာအခြေခံမှစ၍ Grammar ဝါစင်္ဂ(၈)မျိုးကို သိရှိနားလည်တတ်မြောက်စေရန် သင်ကြားပေးလျက်ရှိပြီး အခြေခံပန်းချီသင်တန်းကို သင်တန်းနည်းပြ ဆရာမောင်ငယ်သစ်က အခြေခံပန်းချီရေးဆွဲရာတွင် သိရှိလိုက်နာရမည့် အခြေခံအကြောင်းအရာများနှင့် အခြေခံဆေးရောင် (ကာလာ) သဘောတရားများအကြောင်းကို သင်ကြားပြသပေးခဲ့သည်။
ထို့နောက် သင်တန်းသား၊ သင်တန်းသူများအား ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အအေးနှင့်မုန့်များဖြင့် ကျွေးမွေးခဲ့သည်။
အဆိုပါ အခြေခံအင်္ဂလိပ်စာသင်တန်းနှင့် ပန်းချီသင်တန်းကို သင်တန်းနည်းပြဆရာနှစ်ဦးမှ စာတွေ့လက်တွေ့ ပြသသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ မေလ ၃ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း