ထန်းတပင်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲကျင်းပ

ထန်းတပင်(ရန်ကုန်) မေ ၈

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အဆင့်သက်ဆိုင်သူများပါဝင်သော မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့်စပ်လျဥ်း၍ စီမံကိန်းသုံးသပ်ဆွေးနွေးပွဲကို မေလ(၆)ရက်နေ့၊ နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဦးကြည်က စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စီမံကိန်းလုပ်ငန်းအဖွဲ့များက လိုအပ်ချက်များကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် စီမံကိန်းသုံးသပ်ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကျေးရွာကော်မတီအဖွဲ့ဝင်များက အဖွဲ့ခွဲ၍ စီမံကိန်း၏အားနည်းချက် အားသာချက်များကို ဆွေးနွေးခဲ့ကြပြီး မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဆွေးနွေးတင်ပြချက်များကို ပြန်လည်၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်စီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များနှင့် ကျေးရွာပေါင်း (၃၀) တို့မှ ကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)