မိုးကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မိုးကုတ် မေ ၈

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်၁၀နာရီအချိန်က ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မိုးကုတ်မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ကျော်က အဖွင့်အမှာကားပြောကြားရာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအကြောင်းအရာများ၊ လယ်ယာမြေလုပ်ငန်းနှင့်ပတ်သက်သည့်အကြောင်းအရာများ၊ သန်းခေါင်စာရင်းနှင့်ပတ်သက်သည့်အကြောင်းအရာများအား ပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်သူရွှေက လုံခြုံရေပိုင်းဆိုင်ရာကိစ္စရပ်များ၊ ရွေးကောက်ပွဲဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးရဲမှူး ဇော်လင်းကလည်း လုံခြုံရေးကိစ္စရပ်များကို အထူးဂရုပြုရန် ထပ်ဆင့်ပြောကြားခဲ့ပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဟန်ညွှန့်က အိမ်ထောင်စုဇယားနှင့်မှတ်ပုံတင်ကိစ္စရပ်များ၊ သန်းခေါင်စာရင်းကောက်ယူမည့်ကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာသော ဌာနဆိုင်ရာအသီးသီးမှ ၎င်းတို့၏လုပ်ငန်းများနှင့် စပ်လျဉ်းသည်များကို တင်ပြဆွေးနွေးခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ကျော်နှင့်အဖွဲ့ဝင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ဇင်မင်းမောင်(ပြန်/ဆက်)