မှော်ဘီ (ရန်ကုန်)၊ မေ ၈
ရန်ကုန်တိုင်းဒသကြီး၊ မှော်ဘီမြို့နယ်အတွင်း စပါးအထွက်နှုန်းများတိုးတက်လာစေရန်အတွက် တောင်သူအသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ်အတွင်းဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက် (၈) နာရီက ညောင်ကုန်းကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာ၌ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးစိုက်ရာသီတွင် မျိုးစေ့ချကိရိယာ(Seeder)အသုံးပြု၍ စပါးစိုက်ပျိုးနိုင်ရေးတောင်သူအသိပညာပေးဆွေးနွေးခြင်းနှင့် စပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့်စိုက်ပျိုးထားရှိသည့် နွေစပါးများအားစံကွက်ရိတ်သိမ်းပွဲကို ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူး ဦးတင့်နိုင်မှ seeder ဖြင့် နွေစပါးစိုက်ပျိုးမှုအခြေအနေများအား ရှင်းလင်းပြောကြားခြင်း၊ မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်က အမှာစကားများပြောကြားခြင်း၊ မှော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးအောင်ကြည်က နွေစပါးစိုက်ပျိုးမှုအခြေအနေများအပေါ် ရှင်းလင်းပြောကြားပြီး တောင်သူဒေါ်လွင်မာဝင်းမှ seeder ဖြင့် စိုက်ပျိုးမှုအခြေအနေများအပေါ် ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်ကျော်က စပါးတစ်ဧကအထွက်နှုန်းအပြည့်အဝထွက်ရှိရေးနှင့် စပါးမျိုးစေ့ချကိရိယာ(Seeder) အသုံးပြုရခြင်း၏ အကျိုးကျေးဇူးများကိုတက်ရောက်လာကြသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများကို အသိပညာပေးရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ညောင်ကုန်းကျေးရွာရှိ ကွင်း (၆၆၅)၊ ဦးပိုင်အမှတ်-၂၈/၁ ၊ တောင်သူ ဒေါ်လွင်မာဝင်း၏ မှော်ဘီ-၃စံပြစိုက်ခင်းစိုက်ဧက(၁၀.၀၀)ဧကတွင် စပါးမျိုးစေ့ချကိရိယာ (Seeder) ဖြင့်စိုက်ပျိုးထားရှိသည့် နွေစပါး(၁၀.၀၀)ဧကကို စပါးချွေလှေ့စက်ဖြင့်စံကွက်ရိတ်သိမ်းခဲ့ကြရာ တစ်ဧကအစိုအထွက်နှုန်းအနေဖြင့် (၁၅၁)တင်းနှုန်းနှင့် အခြောက်အထွက်နှုန်းအနေဖြင့် (၁၃၂)တင်းနှုန်းထွက်ရှိကြောင်း သိရသည်။
မှော်ဘီမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် နွေစပါးသီးထပ်လျာထား စိုက်ဧက (၅၂၇၃)ဧကရှိသည့်အနက် ဧကပေါင်း (၆၇၀၁)ဧကကို စိုက်ပျိုးနိုင်ခဲ့ကြပြီး လျာထားဧကထက်(၁၄၂၈)ဧကကို ကျော်လွန်အောင်စိုက်ပျိုးနိုင်ခဲ့ကြကြောင်းလည်း သိရသည်။
ဝင်းဇော်(မှော်ဘီ)