ကျောက်ဆည် မေ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန့နေ့မွန်းတည့်(၁၂)နာရီက အမှတ်စဉ်(၂) ပြည်သူ့စစ်မှုထမ်းသင်တန်း တက်ရောက်မည့် သင်တန်းသားများအား ကျောက်ဆည်ခရိုင်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်က တွေ့ဆုံ၍ ဂုဏ်ယူဝမ်းမြောက်စကားများ ပြောကြားခဲ့ပြီး နေ့လည်စာဖြင့်တည်ခင်းဧည့်ခံကာ အစားအစာ များနှင့်တစ်ကိုယ်ရေ အသုံးဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ထို့နောက် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂)သို့ တက်ရောက်ရန်သတင်းပို့သည့် သင်တန်းသား (၉၃)ဦးအား ကျောက်ဆည်ခရိုင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့် တာဝန်ရှိသူများက သင်တန်းသားတစ်ဦးချင်းစီ၏ လက်ဝယ်အရောက် ရေချိုးရေခွက်(၁)ခွက်၊ သောက်ရေခွက်(၁)ခွက်၊ ဇွန်းခရင်း(၁)စုံ၊ ဆပ်ပြာ(၁)ခဲ၊ သွားတိုက်ဆေး(၁) ဘူး၊ သွားတိုက်တံ(၁)ချောင်း၊ မုတ်ဆိတ်ရိတ်ဓား(၁)စုံ၊ ငှက်ပျောသီး (၁)ဖီး၊ တစ်လီတာရေသန့်ဘူး (၁)ဘူးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂)သို့ တက်ရောက်မည့် သင်တန်းသား(၉၃)ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမျိုးသွင် ဦးစီးသည့်အဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းထွန်း ဦးစီးသည့်အဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်မင်း ဦးစီးသည့်အဖွဲ့တို့က လိုက်ပါပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)