မုဒုံမြို့၌ ကျေးလက်နေပြည်သူများ အခြေခံစာတတ်မြောက်ရေးအတွက် စာသင်ဝိုင်း ၈၁ ဝိုင်းဖြင့် သင်ကြားပေးလျက်ရှိ

မုဒုံ မေ ၈

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်နိုင်ရေးအတွက် စာသင်ဝိုင်း ၈၁ ဝိုင်းဖြင့် အခြေခံပညာအထက်တန်းကျောင်းများတွင် သင်ကြားပေးလျက်ရှိသည်။

မုဒုံမြို့နယ်အတွင်းရှိ ကျေးလက်နေဒေသခံပြည်သူများ အကြောင်းအမျိုးမျိုးကြောင့် ငယ်စဥ်က မူလတန်းပညာကိုပြီးဆုံးအောင် မသင်ကြားခဲ့ရသူများ၊ ကျောင်းမနေခဲ့ရ သူများအား အခြေခံစာတတ်မြောက်စေရန်၊ သင်ယူသူများသည် အခြေခံစာတတ်မြောက်မှု စွမ်းရည်သာမက နိုင်ငံသားကောင်း အခြေခံအလေ့အကျင့်များ ပိုမိုရရှိစေရန်စသည့်ရည်ရွယ်ချက်များဖြင့် သင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်ထောက်ကူပစ္စည်းများကို သင်တန်းသား/ သူများအား လုံလောက်စွာ ထောက်ပံ့ပေးအပ်ထားကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်မြဝင်းကပြောသည်။

အဆိုပါ သင်တန်းကို နည်းပြ (၈၁)ဦး၊ ကြီးကြပ် (၈)ဦးတို့မှ ဧပြီ ၆ မှစ၍ ရက်ပေါင်း (၄၀)ကြာ တစ်ရက်လျင် (၃)နာရီနှုန်း စာသင်ဝိုင်း (၈၁)ဝိုင်းဖြင့် စာသင်သား (၁၂၁၈) ဦးတို့ကို အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)