ပင်လုံမြို့ မဲဆန္ဒနယ်အမှတ်(၂)ရှိ မဲရုံ(၃၆)ရုံ၌ ပြည်သူများက ဆန္ဒမဲပေးခြင်းများဆောင်ရွက်

ပင်လုံ       နိုဝင်ဘာ       ၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ မဲဆန္ဒနယ်အမှတ်(၂)ရှိ မဲရုံအသီးသီး၌ မဲရုံမှူးများက လွှတ်တော် ကိုယ်စားလှယ် လောင်းများ၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်များ /အကူကိုယ်စားလှယ်များ၊ စောင့်ကြည့်လေ့လာသူများ၊ ကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံအဖွဲ့ဝင် များရှေ့တွင် မဲပုံးများ အလွတ်ဖြစ်ကြောင်းပြသ၍ မဲပုံးအားအဖုံး ပိတ်ခြင်း၊ ရွေးကောက်ပွဲကော်မရှင်တံဆိပ်နှင့် မဲပုံးလုံခြုံရေးကြိုး၏ အမှတ်စဉ် များအား မှတ်သားခြင်း၊ မဲပုံးအား ချည်နှောင်ခြင်းများ ဆောင်ရွက်ပြီး ယနေ့ နံနက် ၆နာရီ အချိန်၌ မဲရုံဖွင့်လှစ်ကြောင်း ကြေငြာ၍ မဲဆန္ဒရှင်ပြည်သူများက စတင်ဆန္ဒမဲပေးနေကြောင်း သိရသည်။

မဲဆန္ဒရှင်ပြည်သူများအား တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာမှ တန်းစီစေခြင်း၊ မဲရုံအတွင်းသို့ မဝင်ရောက်မီ မဲဆန္ဒရှင်ပြည်သူအားလုံး ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ လက်သန့်ဆေးရည်အသုံးပြု၍ လက်ဆေးစေခြင်း၊ နှာခေါင်းစည်း Mask တပ်ဆင်စေခြင်း၊ မဲရုံအတွင်းသို့ မဝင်ရောက်မီ မဲဆန္ဒရှင် ပြည်သူတစ်ဦးချင်းစီ၏ ဘယ်ဖက် လက်သန်းကို မင်တို့ထားခြင်း ရှိ/မရှိ စစ်ဆေးခြင်းများကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်၍ မဲဆန္ဒရှင် ပြည်သူများအား မဲရုံအတွင်းသို့ တန်းစီ၍ တစ်ဦးချင်း ဝင်ရောက်စေပြီး ဆန္ဒမဲ ပေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လွိုင်လင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)၊ ပင်လုံမြို့တွင် ရပ်ကွက်(၄)ခုနှင့် ကျေးရွာအုပ်စု(၆)ခုမှ ဆန္ဒမဲပေးခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူပေါင်း (၄၈၅၆၀)ဦးဖြစ်ကြောင်း သိရှိရပြီး မဲရုံ(၃၆)ရုံ ဖွင့်လှစ် ဆောင်ရွက်ထား၍ အဆိုပါ မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများကလည်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းများနှင့်အညီ စနစ်တကျ မဲပေးလျက်ရှိကြောင်း သိရသည်။

နန်းမြင့်မြင့်ဆွေ (ပြန်/ဆက်၊ ပင်လုံ)