ဆိပ်ကြီးခနောင်တိုမြို့နယ်၌ "ပန်းခင်းစီမံချက်(၃)"ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

ဆိပ်ကြီးခနောင်တို မေ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပြုလုပ်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက သက်ဆိုင်ရာရပ်ကွက်များအလိုက် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ဆောင်ရွက်ပေးရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ အသက် ၁၆ နှစ်အထက်နှင့် ၁၈ နှစ်ပြည့်ပြီးသည့် မြို့နယ်နေပြည်သူများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့မှစ၍ “ပန်းခင်းစီမံချက် (၃)”ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ပြုလုပ်ပေးလျက်ရှိရာ မေ ၇ ရက်(ယနေ့အထိ) လူဦးရေ ၁၁၀ ဦးနှင့် အိမ်ထောင်စု ၁၁၅ စုတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပြုလုပ်ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ရပ်ကွက် ၉ ရပ်ကွက်ရှိရာ ယခုကဲ့သို့ “ပန်းခင်းစီမံချက်(၃)”ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ပေးခြင်းကို သက်ဆိုင်ရာရပ်ကွက်များအလိုက် အလှည့်ကျဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝေယံ (ပြန်/ဆက်)