သထုံ မေ ၈
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်ကာလ၌ လူငယ်ကဏ္ဍဆိုင်ရာကိစ္စရပ်များ အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ကျန်းမာရေးအသိပညာပေးသင်တန်းကို ယနေ့နံနက်ပိုင်းက သိမ်ကုန်းရပ်ကွက်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ ဉာဏ်ဝေယံခန်းမ၌ ကျင်းပပြုလုပ်သည်။
သင်တန်းတွင် ခရိုင်ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာသန်းဦးက ကျောင်းသား၊ကျောင်းသူများအနေဖြင့်အသက်အရွယ်အလိုက် ကျန်းမာရေးနှင့်ညီညွတ်သည့်လူနေမှုဘဝဟန်ပန်ပုံစံများ သိရှိကျင့်သုံးတတ်စေရန်ရည်ရွယ်ကာ သင်တန်းအားဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်း၌ပို့ချသည့်ကျန်းမာရေးသင်ခန်းစာများကိုမိသားစုဝင်များ၊ အတန်းဖော်များနှင့်အတူ လက်တွေ့ကျင့်သုံးလိုက်နာကြစေလိုပါကြောင်း အမှာစကားပြောကြားသည်။
ယင်းနောက် သင်တန်းနည်းပြ (၆) ဦးတို့က အသက်အုပ်စုအလိုက်သိရှိရမည့် ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ရာသီအလိုက်ဖြစ်တတ်သောရောဂါများ၊ ကျောင်းသားအရွယ်တွင်အဖြစ်များသောရောဂါများနှင့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများစသည့် ကျန်းမာရေးဆိုင်ရာအသိပညာများကို သင်ကြားပေးခဲ့ကြသည်။
အဆိုပါသင်တန်းကို သထုံမြို့နယ်အတွင်း နောင်ဘိုကျေးရွာ၊ သရဂ္ဂါရာမ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ အသက် ၆ နှစ်မှ ၁၃ နှစ်အထိ ကျောင်းသား၊ကျောင်းသူ ၄၇ ဦး၊ ငါးကြီးအင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ အသက် ၁၃ နှစ်မှ ၁၅ နှစ် အထိ ကျောင်းသား၊ကျောင်းသူ ၅၈ ဦးနှင့် အမှတ် ၄ အခြေခံပညာအထက်တန်းကျောင်း၌ အသက် ၁၅ နှစ်အထက်ကျောင်းသား၊ကျောင်းသူ ၇၄ ဦး၊ စုစုပေါင်း ကျောင်းသား၊ကျောင်းသူ ၁၇၉ ဦးတို့အား မေလ ၂ ရက်နေ့မှစတင်ကာတစ်လကြာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်