ဖယ်ခုံမြို့နယ်၌ ပြည်သူများ ဆန္ဒမဲပေးလျက်ရှိ

 

ဖယ်ခုံ   နို၀င်ဘာ  ၈

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၌ ယနေ့ကျင်းပပြုလုပ်သော ပါတီစုံဒီမိုကရေစီ အထွေထွေွ ရွေးကောက်ပွဲတွင် နံနက် ၆ နာရီမှစတင်၍ မဲရုံများဖွင့်လှစ်ခဲ့ပြီး ပြည်သူများ အေးချမ်းစွာ ဆန္ဒမဲပေးလျက်ရှိသည်။

ညောင်ကုန်းရပ်ကွက် မဲရုံအမှတ်နှစ်တွင် ဆန္ဒမဲမပေးမီ နံနက် ၅ နာရီက စောင့်ကြည့် လေ့လာသူ များအား မဲပုံးများအလွတ်ဖြစ်ကြောင်း ပြသခဲ့ပြီး နံနက် ၆ နာရီတွင် မဲရုံမှူးက မဲရုံစတင်ဖွင့်လှစ်ကြောင်း ကြေညာသည်။

ထို့နောက် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ တန်းစီစောင့်ဆိုင်းလျက်ရှိသော မဲဆန္ဒရှင်များ ကအေးချမ်းစွာဆန္ဒမဲပေးခဲ့ကြသည်။

ညောင်ကုန်းရပ်ကွက် မဲရုံအမှတ်နှစ်တွင် မဲဆန္ဒရှင်စုစုပေါင်း ၁၅၉၀ ဦးရှိပြီး ဖယ်ခုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေရီနျို့က အဆိုပါမဲရုံတွင် လာရောက် မဲထည့်ခဲ့ကြောင်း သိရှိရသည်။

ဆန္ဒမဲပေးရန် လာရောက်သော ပြည်သူများအား မဲရုံသတ်မှတ်ထားသော အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အ၀င်၀တွင် ကိုယ်ပူချိန်တိုင်းခြင်း၊ mask များ အသစ်လဲလှယ် တပ်ဆင်ပေးခြင်း၊ လက်သန့်ဆေးရည်ဖြင့် သန့်စင်စေခြင်းနှင့် ခြောက်ပေအကွာ စနစ်တကျ တန်းစီစေခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။

ဖယ်ခုံမြို့နယ်၌ မြို့ပေါ်ရပ်ကွက် ၇ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၂ အုပ်စုတွင် မဲရုံပေါင်း ၁၁၀ ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၆၆၇၇၃ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌထံမှ သိရှိရသည်။

မောင်မောင်ထွေး(ပြန်/ဆက်)