ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် ပြည်နယ်အဆင့် ကင်းထောက်နည်းပြသင်တန်းဖွင့်ပွဲ ကျင်းပ

တောင်ကြီး မေ ၈

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် ပြည်နယ်အဆင့် ကင်းထောက်နည်းပြသင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ကင်းထောက်နည်းပြ သင်တန်းသား၊ သင်တန်းသူများမှပြည်သူ့အတွက်အစဥ်အသင့်”သီချင်းဖြင့် ဂုဏ်ပြုသီဆိုကြပြီး ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ယခုပြုလုပ်သည့် သင်တန်းသည် ပြည်နယ်အဆင့် ကင်းထောက်နည်းပြသင်တန်းဖြစ်ပြီး နည်းပြသင်တန်းပြီးပါက တစ်ပြည်နယ်လုံး (၁၆)ခရိုင်အတွက် အခြေခံပညာကျောင်း (၂၇)ကျောင်းတွင် အခြေခံကင်းထောက်လူငယ် (၁၀၈၀)ဦးတို့ကို ယခုသင်တန်းဆင်းနည်းပြများမှ ပြန်လည်ပို့ချပေးရမှာဖြစ်ပါကြောင်း၊ ယခုစာသင်နှစ် နွေရာသီအားလပ်ရက်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် အခြားသင်တန်းများနည်းတူ အခြေခံလူငယ်ကင်းထောက်သင်တန်းတက်၍ အချိန်ကို အကျိုးရှိရှိ အသုံးချကုန်ဆုံးသွားစေရန် ရည်ရွယ်ပြီး သင်တန်းကိုဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ ကင်းထောက်နည်းပြသင်တန်းတက်ရောက်ကြမည့် သင်တန်းနည်းပြများသည် သင်တန်းတွင် စီနီယာကင်းထောက်ကြီးများ၊ နည်းပြများ၏ ပို့ချမှုတို့ကို မှတ်သားနာယူပြီး မိမိတတ်သိထားသော ဗဟုသုတအသိပညာနှင့် လက်တွေ့လုပ်ငန်းများ ပေါင်းစပ်ပြီး မိမိမြို့နယ်၊ မိမိကျောင်းတွင် ပြန်လည်လက်ဆင့်ကမ်း ထမ်းဆောင်ကြရန် ပြောကြားခဲ့သည်။

ဆက်လက်၍ ကင်းထောက်သင်တန်းအတွက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အလှူငွေ(၄၃,၇၅၁,၃၀၀) (လေးရာသုံးဆယ်ခုနှစ်သိန်းငါးသောင်းတစ်ထောင့်သုံးရာကျပ်) ပေးအပ်လှူဒါန်းပေးရာ ပြည်နယ်ပညာရေးတာဝန်ရှိသူတစ်ဦးမှလက်ခံရယူပြီး ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ကင်းထောက်နည်းပြ၊ သင်တန်းသား၊ သင်တန်းသူများအား ကင်းထောက်လည်စည်းပေးအပ်၍လည်းကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီးက လူငယ်ကင်းထောက်သင်တန်း၊ သင်တန်းသားလက်စွဲမှတ်စုစာအုပ် (၁၂၀၀)ပေးအပ်ရာ ကင်းထောက်သင်တန်းသား၊ သင်တန်းသူများမှ လက်ခံရယူကြသည်။

ထို့နောက် ကင်းထောက်နည်းပြ၊ သင်တန်းသား၊ သင်တန်းသူများမှ “ကင်းထောက်လူငယ်များရဲ့ရှေ့သို့ခြေလှမ်း”သီချင်းဖြင့် ဂုဏ်ပြုသီဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကင်းထောက်နည်းပြ၊ သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)