နမ့်ခမ်းမြို့နယ်၌ မဲဆန္ဒရှင်အများဆုံးဖြစ်သည့် အမှတ်(၄) ရပ်ကွက်၊ မဲရုံအမှတ်(၁)တွင် ပြည်သူများ မဲစတင်ပေး

နမ့်ခမ်း  နိုဝင်ဘာ  ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ဦးရေ အများဆုံးဖြစ်သည့် မြို့ပေါ်ရပ်ကွက်မှ အမှတ်(၄) ရပ်ကွက်၏ မဲရုံအမှတ်(၁)အား ယနေ့နံနက် (၆)နာရီအချိန်က စတင်၍ (၂၀၂၀) ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို စတင်ကျင်းပရန်လျက်ရှိရာ ကျန်းမာရေး လမ်းညွှန်ချက် နှင့်အညီ ပြည်သူလူထုများ တည်ငြိမ် အေးချမ်းစွာ မဲပေးကြသည်။

နမ့်ခမ်းမြို့နယ်အတွင်းရှိ မဲရုံ(၁၁၅)ရုံမှ မဲရုံမှူးတို့က သတ်မှတ်ထားသည့် နေရာများတွင် စနစ်တကျတန်းစီ စောင့်ဆိုင်းကြပြီး ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်၍ မဲရုံအတွင်းသို့ ဝင်ရောက်မဲပေးကြသည်။ "မဲရုံမဖွင့်မီက မဲပုံး အလွတ်ဖြစ်ကြောင်းနှင့် လုံခြုံရေးကြိုးတပ်ဆင်ခြင်း တို့ကို ပါတီကိုယ်စားလှယ်၊ စောင့်ကြည့် လေ့လာသူတို့ရဲ့ ရှေ့မှောက်မှာ စစ်ဆေးဆောင်ရွက်ခဲ့ပြီး မြို့နယ်မှာရှိတဲ့ မဲဆန္ဒရှင် ဒုတိယ အများဆုံးဖြစ်တဲ့ မဲရုံတစ်ခုလည်းဖြစ်ပါတယ်၊ မြို့နယ်မှ အာရုံအစိုက်ခံရဆုံးလည်းဖြစ်တယ်၊ နံနက်(၅)နာရီ အချိန်ကတည်း က ပါတီကိုယ်စားလှယ်တွေနဲ့ စောင့်ကြည့်လေ့လာသူတို့က ကြိုတင်ရောက်ရှိနေပြီဖြစ်ပါတယ်၊ ဆန္ဒမဲပေးနိုင်ရန် နံနက်စောစော ကတည်းက ပုံမှန်အလုပ်ချိန် အလုပ်ဆင်းနေသူများက မဲရုံမဖွင့်ခင်မှာ လာရောက် တန်းစီထားနေပြီ” ဟု အမှတ်(၁)မဲရုံမှ မဲရုံမှူး ဦးဇော်မင်းထွန်း က မဲရုံမဖွင့်မီဆောင်ရွက်ထားရှိမှုနှင့် မြင်တွေ့ ခဲ့ရသည် ကို ပြောပြသည်။ 

နမ့်ခမ်းမြို့ပေါ် ရပ်ကွက်(၁၄)ရပ်ကွက်ရှိပြီး မဲရုံ(၁၅) ရုံ ဖွင့်လှစ်အသုံးပြုထားသည်။ မြို့နယ်မှ ဆန္ဒမဲ ပေးခွင့်ရှိသူ (၈၄၄၃၀)ဦးရှိပြီး အမှတ်(၄)ရပ်ကွက်မှ မဲရုံအမှတ်(၁)တွင် မဲပေးခွင့်ရှိသူ (၂၀၄၀)ဦးရှိကြောင်း သိရသည်။

ဆိုင်ထွန်း(ပြန်/ဆက်)