မြင်းခြံ မေ ၈
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ် (၆) ရပ်ကွက်၌ မေလ (၂) ရက်နေ့က လျှပ်စစ်မိန်းခုံအပူလွန်ကဲရာမှ မီးဘေးသင့်ခဲ့သောအိမ်ထောင်စုများအား ထောက်ပံ့ငွေများနှင့် ပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၁:၃၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
မီးဘေးသင့်အိမ်ထောင်စု (၁၂) စု၊ လူဦးရေ (၅၉) ဦး၊ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော နေအိမ် (၁၄) လုံးတို့အတွက် အိမ်ပြန်လည်တည်ဆောက်ရန်အတွက် ထောက်ပံ့ငွေကျပ် (၁၄၈၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးငွေကျပ် (၁၂၃၉၀၀) ကျပ်နှင့် ပစ္စည်း (၁၆) မျိုးပါ ကယ်ဆယ်ရေးပစ္စည်း (၁၂) ပုံးတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်နှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ရတနာမြင့်တို့က ပေးအပ်ခဲ့ကြောင်း သိရသည်။
မီးဘေးသင့်အိမ်ထောင်စုများအား မြင်းခြံမြို့ရှိ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အလှူရှင်များမှလည်း စားသောက်ကုန်များ၊ အစားအသောက်များ၊ အသုံးအဆောင်ပစ္စည်းများ၊ အလှူငွေများ ထောက်ပံ့လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)