ဆီဆိုင်မြို့နယ်၌ လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

ဆီဆိုင် မေ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ကို ဇန်နဝါရီလအတွင်း အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများ ပျက်စီးဆုံးရှုံးခဲ့ရသည်။

ဆီဆိုင်မြို့နယ်အတွင်း နယ်မြေဒေသလုံခြုံရေး အခြေအနေ ပြန်လည်ကောင်းမွန်လာပြီဖြစ်၍ ပြည်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဒေသခံပြည်သူများ လျှပ်စစ်မီး ပြန်လည်ရရှိရေးအတွက် ဆီဆိုင်မြို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများက (၄၀၀) ဗို့ဓာတ်အားလိုင်း (၁၀) ခန်း ကြိုးဆက်ခြင်းလုပ်ငန်းများ၊ (၁၁) လိုင်း ကြိုးဆက်ခြင်း လုပ်ငန်းများ၊ (၁၀) မီတာ (၂) တိုင်ထောင်ခြင်းလုပ်ငန်းများ၊ (၄၀၀) ဗို့ဓာတ်အားလိုင်း (၁) မိုင်၊ (၁၁) ကေဗွီလိုင်း (၁) မိုင် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ ဆီဆိုင်မြို့နယ်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဌာနဆိုင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ ဝိုင်းဝန်းပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နေမင်း(ဆီဆိုင်)