အပတ်စဥ်(၄) သူနာပြုသားဖွားဒီပလိုမာ(၃)နှစ် သင်တန်းသား၊ သင်တန်းသူများ၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်းအခမ်းအနား ကျင်းပ

တောင်ကြီး မေ ၈

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သားဖွားသင်တန်းကျောင်း၊ အပတ်စဥ်(၄)၊ သူနာပြုနှင့် သားဖွားဒီပလိုမာ(၃)နှစ် သင်တန်းသား၊ သင်တန်းသူများ၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲကို ယနေ့နံနက် (၈)နာရီက တောင်ကြီးမြို့ သားဖွားသင်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က တောင်ကြီးမြို့တွင် သားဖွားသင်တန်းကျောင်းကို ၁၉၅၀ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး သားဖွားဆရာမများစွာ သင်ကြားမွေးထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ (၁၅)ရက်နေ့မှစ၍ သားဖွားဒီပလိုမာ(၂)နှစ်သင်တန်းအဖြစ် တိုးမြှင့်ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ ယနေ့အချိန်အထိ သားဖွားဆရာမပေါင်း (၂၁၃၅) ဦးအား အောင်မြင်စွာ မွေးထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ နိုင်ငံတော်၏ လိုအပ်ချက်အရ သားဖွားသင်တန်းကျောင်းကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၁၅)ရက်နေ့မှ စတင်၍ သူနာပြု-သားဖွား ဒီပလိုမာ (၃)နှစ်သင်တန်းအဖြစ် တိုးမြှင့်ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ ၂၀၂၃ ခုနှစ် အောက်တိုဘာလ(၁၉)ရက်နေ့တွင် အပတ်စဥ်(၁) သူနာပြု-သားဖွားဒီပလိုမာ သင်တန်းသား၊ သင်တန်းသူပေါင်း (၄၁)ဦးအား အောင်မြင်စွာမွေးထုတ်ပေးနိုင်ခဲ့ပြီး သစ်လွင်သူနာပြုများခန့်အပ်နိုင်ခဲ့ပါကြောင်း၊ ယခုလက်ရှိတွင် သူနာပြု-သားဖွားဒီပလိုမာ သင်တန်းအပတ်စဥ် (၂/၃/၄)မှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၁၆၁)ဦး တက်ရောက်ပညာဆည်းပူးလျက်ရှိပါကြောင်း၊ သူနာပြုသားဖွားဒီပလိုမာသင်တန်းသား၊ သင်တန်းသူများအနေဖြင့် ပြည်သူလူထုနှင့်ဆက်ဆံရာတွင် မေတ္တာ၊ စေတနာအရင်းခံပြီး ပြည်သူနှင့်တစ်သားတည်းဖြစ်အောင် ဆက်ဆံကြရန် ပြောကြားခဲ့သည်။

ဆက်လက်၍ သားဖွားသင်တန်းကျောင်း၊ ကျောင်းအုပ် ဒေါ်နန်းဆိုင်ခမ်းမှ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်းအကြောင်းနှင့်စပ်လျဥ်း၍ ရှင်းလင်းတင်ပြပြီး ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပေးရာ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး(သူနာပြု) ဒေါ်နှင်းဝေ၊ ပြည်နယ်ကုသရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး(သူနာပြု) ဒေါ်နန်းသန်းကြည်၊ သားဖွားသင်တန်းကျောင်း၊ ကျောင်းအုပ် ဒေါ်နန်းဆိုင်ခမ်းတို့က ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပေးကြသည်။

ထို့နောက် ပညာရည်ချွန်ဆုပေးအပ်ရာ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်တွင် ဆုရရှိသူများအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီးတို့က ဆုများချီးမြှင့်ပေးအပ်ရာ သင်တန်းသူများမှ အသီးသီးလက်ခံရယူပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က သူနာပြုသင်တန်းကျောင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ရာ သားဖွားသင်တန်းကျောင်း၊ ကျောင်းအုပ် ဒေါ်နန်းဆိုင်ခမ်းမှ လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းတွင် အထောက်အကူပစ္စည်းများ၊ စာကြည့်တိုက်၊ စာသင်ခန်း၊ ထမင်းစာဆောင်၊ မီးဖိုဆောင်နှင့် အိပ်ဆောင်တို့ကို လှည့်လည်ကြည့်ရှုကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)