ရွှေပြည်သာမြို့နယ်၌ နွေရာသီအပန်းဖြေစခန်းများမှ ပြန်လည်ရောက်ရှိလာသော လူရည်ချွန်မောင်မယ်များအားကြိုဆို

ရန်ကုန် မေ ၈

၂၀၂၃-၂၀၂၄ ပညာသင်နှစ် လူရည်ချွန်အဖြစ်ရွေးချယ်ခံပြီး၊ လူရည်ချွန်စခန်းများမှ ပြန်လည်ရောက်ရှိလာသော ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ ကောင်းစုစံ ပညာ့ရိပ်မွန် ကိုယ်ပိုင်အထက်တန်းကျောင်းမှ လူရည်ချွန် မောင်/မယ် (၅) ဦးအား ဂုဏ်ပြုကြိုဆိုပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါကျောင်း၌ကျင်းပရာ ကောင်းစုစံပညာ့ရိပ်မွန် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး မိသားစုနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများမှ အိုးစည်ဒိုးပတ်အကများ၊ ပန်းစည်းများ အောင်သပြေပန်းများဖြင့် လှိုက်လှဲနွေးထွေးစွာ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

အဆိုပါ လူရည်ချွန် မောင်/မယ် (၅) ဦးတွင် Grade-9 မှ ကျောင်းသား/သူ (၂) ဦး၊ Grade-10 မှ ကျောင်းသူ (၁) ဦး၊ Grade-11 မှ ကျောင်းသား (၁) ဦး၊ Grade-12 မှ ကျောင်းသူ (၁) ဦးတို့သည် နိုင်ငံတော်မှစီစဉ်ပေးသော အပန်းဖြေလေ့လာရေးခရီးစဉ်အဖြစ် စေလွှတ်ခဲ့သည့် ပုဂံ၊ တောင်ကြီး၊ ချောင်းသာ၊ ငွေဆောင် လူရည်ချွန်စခန်း အသီးသီးကို သွားရောက်ခဲ့ကြပြီးလေ့လာရေးခရီး အတွေ့အကြုံများကို အသီးသီးရှင်းလင်း ပြောကြားခဲ့သည်။

ကောင်းစုစံပညာ့ရိပ်မွန် ကိုယ်ပိုင်အထက်တန်းကျောင်းကို ၂၀၁၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အထိ သုံးထပ်ကွမ်းလူရည်ချွန် (၁) ဦး၊ နှစ်ထပ်ကွမ်း လူရည်ချွန် (၃) ဦး၊ တစ်ထပ်ကွမ်းလူရည်ချွန် (၆) ဦး၊ အပါအဝင် လူရည်ချွန်မောင်/မယ် (၁၀) ဦးမှ လူရည်ချွန် (၁၅) ဆု ရရှိခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)