ကွတ်ခိုင် နိုဝင်ဘာ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ မဲရုံအသီးသီး၌ ယနေ့ နံနက် ၆ နာရီတွင် ဆန္ဒမဲပေးခွင့် ရှိသည့် ပြည်သူများ လာရောက် ၍ ဆန္ဒမဲပေးကြသည်။
ကွတ်ခိုင်မြို့၊ အမှတ်(၃)ရပ်ကွက် တရုတ်စာသင်ကျောင်းတွင် ဖွင့်လှစ်ထားသည့် အမှတ် (၁) မဲရုံ၌ ဆန္ဒမဲ ပေးခွင့်ရှိသည့် မဲဆန္ဒရှင် ပြည်သူ (၁၉၇၀) ရှိပြီး ရှေးဦးစွာ မဲရုံမှူးမှ မဲရုံဖွင့်လှစ်ကြောင်း ကြေညာပြီး မဲပုံးများ အလွတ် ဖြစ်ကြောင်း ရွေးကောက်ပွဲလေ့လာသူများ၊ မဲရုံစောင့်ကြည့်သည့် ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင် များရှေ့မှောက်တွင် ပြသပြီး မဲပုံးကို လုံခြုံရေးကြိုးဖြင့်ပိတ်ကာ ဆန္ဒမဲပေးကြသည်။
ထိုသို့မဲပေးကြရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းသတ်မှတ် ချက်များနှင့်အညီ လိုက်နာ၍ တစ်ဦးနှင့်တစ်ဦး ၆ ပေ ကွာခြင်း၊ အပူချိန်တိုင်းခြင်း၊ လက်ဆေးခြင်း၊ နှာခေါင်းစည်းတပ်ဆင်ခြင်းများ ပြုလုပ်ဆောင်ရွက်ပေးသည်။
ကွတ်ခိုင်မြို့နယ်၌ အမှတ်(၁)မဲဆန္ဒနယ်နှင့် အမှတ်(၂)မဲဆန္ဒနယ်ရှိပြီး မဲဆန္ဒရှင်ပြည်သူ (၁၂၈၁၈၂) ဦးရှိကာ ရပ်ကွက်/ ကျေးရွာအုပ်စု (၈၀)၌ မဲရုံ (၁၂၈)ရုံဖွင့်လှစ်ထားရှိကြောင်း သိရသည်။
ကိုမိုင်း(ပြန်/ဆက်)