ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၅၈၆) ကြိမ်မြောက် ထုတိအနုမောဒနာချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ

ရန်ကုန် မေ ၈

ရွှေတိဂုံစေတီတော်မြတ်ကြီးသို့စေတနာသဒ္ဓါတရားထက်သန်စွာလှူဒါန်းထားကြသောငွေကျပ်တစ်သိန်နှင့်အထက် အလှူရှင်များအား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က (၅၈၆) ကြိမ်မြောက် ထုတိအနုမောဒနာချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့မွန်းလွှဲ ၁ နာရီတွင် ရွှေတဂုံစေတီတော်ရင်ပြင်တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။

ဦးစွာအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး အလှူရှင်များက အလှူတော်ငွေများ ပေးအပ်လှူဒါန်းရာ အလှည့်ကျသဘာပတိဦးလှမြင့်နှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၀င်များက လက်ခံရယူပြီး ထုတိအနုမောဒနာဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။

ထို့နောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ သြ၀ါဒါစရိယ၊ တိပိဋကဓရဓမ္မမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ၊ တိပိဋကဓရတိပိဋကကော၀ိဒရွေးချယ်ရေးအဖွဲ့သြ၀ါဒါစရိယ၊ ဘဒ္ဒန္တ၀ါယာမိန္ဒာဘိ၀ံသ (ရေစကြိုဆရာတော်) ထံမှ တက်ရောက်လာကြသူများက ငါးပါးသီလခံယူဆောက်တည်ကြပြီး ရေစက်ချအနုမောဒနာတရားနာယူကြသည်။

ယနေ့ကျင်းပသော အလှူငွေပေးအပ်ပွဲလှူဒါန်းပွဲတွင် ၂၀၂၄ ခုနှစ်မတ်လ ၁ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အထိ ရွှေသင်္ကန်းတော် ရွှေပြားအလှူရှင် (၄၇) ဦးက ၃ ကျပ်သားရွှေပြား ၇ ချပ်နှင့် တစ်ကျပ်သား ရွှေပြား ၅၃ ချပ်စုစုပေါင်းရွှေစင်ရွှေပြားအချပ် ၆၀ လှူဒါန်းခဲ့ပြီး ငွေသားအလှူရှင် (၁၆၃) ဦးအပါအ၀င် လှူဒါန်းငွေစုစုပေါင်း ၂၃၁၆၅၀၉၅၅၇ ကျပ် (ကျပ်သိန်းပေါင်း နှစ်သောင်းသုံးထောင်တစ်ရာခြောက်ဆယ့်ငါးသိန်း ကိုးထောင်ငါးရာ ငါးဆယ့်ခုနှစ်တိတိ) ဖြစ်ကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)