စဉ့်ကူးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများအား ပညာရေးဦးစီးဌာနမှ ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့် ကျောင်းဝတ်စုံများ အခမဲ့ထုတ်ပေး

 စဉ့်ကူး မေ ၈

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဥ့်ကူးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအား ပညာသင်ကြားနိုင်စေရန် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့် ကျောင်းဝတ်စုံများကို ယနေ့နံနက်ပိုင်းမှစ၍ စဉ့်ကူး(အထက)ကျောင်းရှိ ရွှေရတုခန်းမတွင် ထုတ်ပေးလျက် ရှိသည်။

စဉ့်ကူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွင်း အခက်အခဲမရှိ ကျောင်းအပ်နှံ၍ ပညာသင်ကြားနိုင်စေရန်အတွက် ပညာရေးဝန်ကြီးဌာနအောက်ရှိ အခြေခံပညာကျောင်းအသီးသီးတို့မှ ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ပြည့်စုံစွာ ပညာသင်ကြားနိုင်စေရန် ရည်ရွယ်၍ အခမဲ့ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထုတ်ပေးရာတွင် KG တန်း မှ Grade-12 အတန်းထိ ပညာသင်ကြားမည့် ကျောင်းသား၊ ကျောင်းသူများ အတွက် ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့် ကျောင်းဝတ်စုံများအား မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတို့က မြို့ပေါ် အခြေခံပညာကျောင်းများနှင့် ကျေးရွာအုပ်စုများရှိ ကျောင်းအသီးသီးတို့မှ ကျောင်းသား၊ ကျောင်းသူများ၏ အောင်ချက်ရာခိုင်နှုန်းများအလိုက် စည်းကမ်းတကျ စာရင်းများပြုစု၍ ထုတ်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ငြိမ်းချမ်းဝင်း (ပြန်/ဆက်)