ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် မန္တလေးမြို့ လေးပြင်လေးရပ်ရှိ ဆရာတော်သံဃာတော် ၁၀၂၇၂ ပါးအား ဆွမ်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လောင်းလှူဒါန်းခြင်း အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ချမ်းအေးသာစံ မေ ၈

ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် မန္တလေးမြို့ လေးပြင်လေးရပ်ရှိ ဆရာတော် သံဃာတော် ၁၀၂၇၂ ပါးအား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ်လောင်းလှူဒါန်းခြင်း အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ကျင်းပရာ ဆရာတော် သံဃာတော် ၁၀၂၇၂ ပါးအား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ်လောင်းလှူဒါန်းရေး ဦးစီးကော်မတီနာယက၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန် ကြီးများနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာ စကားပြောကြားရာတွင် မြတ်ဗုဒ္ဓ၏ ဗျာဒိတ်ခံ၊ ဖွား၊ ပွင့်၊ စံ သည့် ကဆုန်လပြည့်  (ဗုဒ္ဓနေ့)နေ့ထူးနေ့မြတ် အခါသမယတွင် မန္တလေးမြို့ လေးပြင်လေးရပ်ရှိ ဆရာတော်၊ သံဃာတော်(၁၀၂၇၂)ပါးအား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ်လောင်းလှူဒါန်းသွားမည့် အခမ်းအနားအတွက် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဖြစ်ပါကြောင်း၊ ပထမအကြိမ် အစည်းအဝေး  ဆုံးဖြတ်ချက်များအပေါ် ပြန်လည်သုံးသပ်ကာ ယခင်အတွေ့အကြုံများနှင့် ပေါင်းစပ်၍ စည်းလုံးမှု၊ ညီညွတ်မှုတို့ဖြင့် လစ်ဟာမှုမရှိဘဲ ပိုမိုကောင်းမွန်အောင် ဝိုင်းဝန်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

၎င်းနောက် ဆရာတော် သံဃာတော် ၁၀၂၇၂ ပါးအား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လောင်းလှူဒါန်းရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီဝင်များက တာဝန်ယူထားသည့် ကဏ္ဍများအလိုက် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်နေဆဲ၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြချက်များနှင့် ဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အလှူရှင်များက သာသနာတော်နှစ် ၂၅၆၇ မှ ၂၅၆၈ သို့ရောက်ရှိမှု အထိမ်းအမှတ်နှင့် နိုင်ငံသူနိုင်ငံသားများ ဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) မေ ၂၂ ရက်နေ့တွင် ကျုံးအရှေ့ဘက်(အရှေ့ပြင်) ၆၆ လမ်းအတိုင်း သံဃာတော် ၂၅၆၈ ပါး၊ ကျုံးတောင်ဘက်(တောင်ပြင်)၊ ၂၆ လမ်းအတိုင်း သံဃာတော် ၂၅၆၈ ပါး၊ ကျုံးအနောက်ဘက်(နောက်ပြင်)၊ လမ်း ၈၀ အတိုင်း သံဃာတော် ၂၅၆၈ ပါး၊ ကျုံးမြောက်ဘက်(မြောက်ပြင်)၊ ၁၂လမ်းအတိုင်း သံဃာတော် ၂၅၆၈ ပါး စုစုပေါင်း ဆရာတော် သံဃာတော်  ၁၀၂၇၂ ပါးအား ဆွမ်း၊ ဆွမ်း ဟင်းများ၊ နဝကမ္မဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူသွားမည်ဖြစ်ကြောင်းနှင့်ကို ယ်တိုင်လောင်းလှူလိုပါက လည်းကောင်း၊ အလှူငွေများထည့်ဝင်လှူဒါန်းလိုပါကလည်းကောင်း ဦးသက်နိုင်ထွန်း (၀၉-၁၀၂၀၀၁၀၆၉)၊ ဦးစိုးမိုးသိမ်း (၀၉-၉၇၀၈၂၃၆၈၈)၊ ဦးစိုးလှမြင့်(၀၉-၅၁၂၀၅၂၀)၊ ဦးတင်မောင်စိုး(၀၉-၂၅၀၈၆၂၁၅၈) သို့ မေလ ၁၉ ရက်နေ့(တနင်္ဂနွေနေ့) နောက်ဆုံးထား ဆက်သွယ်လှူဒါန်းနိုင်ရန် နိဗ္ဗာန်အကျိုးမျှော်၍ လက်ခံဆောင်ရွက်ပေးနေပါကြောင်း သတင်းရရှိသည်။

ထွန်းထွန်းနိုင်