မတ္တရာ မေ ၈
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဖွင့်လှစ်သော အသက်မွေးဝမ်းကြောင်း အထောက်အကူပြု ပြည်သူ့စွမ်းဆောင်ရည် မြှင့်တင်ရေး သံဂဟေဆက်သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းမှ အဖွင့်အမှာစကားပြော ကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးသန်းဝင်းအောင်မှ အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးနွယ်မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ ဦးစီးအရာရှိ ဒေါ်နန်းမြင့်ဦးက သင်တန်းသားများ လိုက်နာရမည့်စည်းကမ်းချက်များတို့ကို အသီးသီးရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့် ဗိုလ်မှူးသန်းဝင်းအောင်တို့က သင်တန်းအထောက်အကူပြုပစ္စည်းများ၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးနွယ်က စာတွေ့အတွက် လိုအပ်သော စာအုပ်၊ ဘောပင်နှင့် ပေကြိုးဘူးများကို ပေးအပ်ရာ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက လက်ခံရယူခဲ့သည်။ သင်တန်းဖွင့်ပွဲအပြီးတွင် သင်တန်းဆရာမှ လက် တွေ့ပြုလုပ်ပြသခဲ့ရာ တက်ရောက်လာကြသူများနှင့် သင်တန်းသားများက လေ့လာမှတ်သားခဲ့ကြသည်။
အဆိုပါ သင်တန်းတွင် သင်တန်းသား(၁၀)ဦးအား မေလ ၇ ရက်နေ့မှ မေလ ၂၆ ရက်နေ့ အထိ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်း၌ ထူးချွန်သူများကိုလည်း ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)