ပေါင်မြို့နယ်၌ နွေရာသီကျောင်းပိတ်ရက်ကာလ လူငယ်ကဏ္ဍဆိုင်ရာကိစ္စရပ်များ အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ကျန်းမာရေးအသိပညာပေးသင်တန်း ဖွင့်ပွဲပြုလုပ်

ပေါင်  မေ   ၈

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ နွေရာသီကျောင်းပိတ်ရက်ကာလ  လူငယ်ကဏ္ဍဆိုင်ရာကိစ္စရပ်များ အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ကျန်းမာရေးအသိပညာပေးသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ( ၁၀ ) နာရီက  အ.ထ.က (ပေါင်)၊ ရွှေရတုခန်းမ၌ စတင်ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်လင်းဦးက နွေရာသီတွင်သင်တန်းတွေဖွင့်လှစ်သင်ကြားပေးသည့်အတွက်  ဝမ်းသာပါကြောင်း၊ ယခုလိုသင်တန်းသည်လူငယ်တွေအတွက် အလွန်ပင်အကျိုးရှိလှပါကြောင်း အမှာစကားပြောကြားသည်။

ဆက်လက်၍ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမင်းညွန့်ဝင်းက ကျန်းမာရေးဝန်ကြီးဌာနမှ နွေရာသီ ကျန်းမာရေးအသိပညာပေးသင်တန်းတွေဖွင့်လှစ်ခြင်းဖြင့် သူငယ်ချင်းတွေအပြင် မိမိအိမ်မှာရှိသည့်မိသားစုဝင်များကို ကျန်းမာရေးအသိပညာတွေသိရှိအောင် ပြန်လည်မျှဝေပေးခြင်းအပြင် မိမိကျန်းမာရေးအတွက်မိမိကိုယ်တိုင်စီမံဆောင်ရွက်၍ နီးစပ်ရာဆေးရုံ၊ ဆေးခန်းများသို့အချိန်မီသွားရောက်၍ ကုသမှုခံယူနိုင်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ‌မြို့နယ်ပညာရေးမှူးဒေါ်စန်းစန်းအေးက ကျန်းမာရေးနှင့်ပတ်သက်၍ အသိပညာပေးရေးအကြောင်းကို သားတို့သမီးတို့ကို အသိပညာရစေချင်လို့လာရောက်ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ ယခုသင်တန်းသည် ရက်တိုသင်တန်းဖြစ်သည့်အတွက် လူငယ်များအားလပ်ချိန်ကိုအကျိုးရှိစွာအသုံးချနိုင်၍ ရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း‌ ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကို  သင်တန်းဆရာ(၅)ဦးက သင်တန်းသား(၉၁)ဦးကို မေလ(၇)ရက်နေ့မှ မေလ(၁၁)ရက်နေ့အထိ (၅)ရက်ကြာ သင်ကြားပြသသွားမည်ဖြစ်ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)