ပန်ဆိုင်း(ကြူကုတ်)မြို့၌ ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ ပြည်သူများမဲစတင်ပေး

ပန်ဆိုင်း  နိုဝင်ဘာ  ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌ (၂၀၂၀)ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ယနေ့နံနက် (၆)နာရီအချိန်က မဲရုံအသီးသီးတွင် မဲဆန္ဒရှင်များဆန္ဒမဲပေးနိုင်ရန် မဲရုံဖွင့်လှစ်ကြောင်းကြေညာပြီးနောက် ကျန်းမာရေးလမ်းညွှန်ချက်နှင့် အညီ ပြည်သူလူထုများဘေးကင်းလုံခြုံစွာ စတင်မဲပေးလျက်ရှိသည်။

ဆန္ဒမဲလာရောက်ပေးကြသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရန်အတွက် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အဖျားတိုင်းခြင်း၊ (Hand Spray) ဖျန်းခြင်း၊ နှာခေါင်းစည်းများ ဝေငှခြင်း၊ တစ်ဦးနှင့်တစ်ဦး ၆ ပေကွာခြား၍ နေရာချပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိပြီး သက်ဆိုင် ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများကလည်း လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပန်ဆိုင်း(ကြူကုတ်)မြို့ အမှတ်(၄) ရပ်ကွက်၊ မဲရုံအမှတ်(၁)တွင် ဆန္ဒမဲပေးသည့် မဲဆန္ဒရှင်ပြည်သူတစ်ဦး က “အနာဂတ်မြန်မာနိုင်ငံတော်ကြီး  ပိုပြီးဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပေးနိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေကို ဆန္ဒမဲပေးခွင့်ရသည့်အတွက်  အတိုင်းမသိ ဝမ်းသာပါတယ်၊ မြန်မာနိုင်ငံကြီး ဒီထက်မကတိုးတက်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်” ဟု ပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌  ပန်ဆိုင်း (ကြူကုတ်) မြို့ရှိ ပြည်သူများ ပျော်ရွှင်အေးချမ်းစွာ ဆန္ဒမဲများပေးအပ်လျက်ရှိကြောင်း သိရသည်။

သန်းမိုးခိုင် (ပြန်/ဆက်)