မိုင်းပန်မြို့နယ်၌ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ်(၂၀၂၄ ခုနှစ်)အခမ်းအနား ကျင်းပ

မိုင်းပန် မေ ၈

“ကလေးများအနာဂတ်လှပဖို့ လူတိုင်းပါဝင်ဆောင်ရွက်လို့ ကာကွယ်ဆေးဖြင့် အသက်ကယ်စို့” ဆောင်ပုဒ်နှင့်အညီ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များ၊ မွေးပြီးမိခင်နှင့် မွေးကင်းစမှ အသက်(၅)နှစ်အထိ က‌လေးများအား ကျန်းမာသန်စွမ်းစေရေးနှင့် အသက်ရှည်စွာနေထိုင်နိုင်ရေးအတွက် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ်(၂၀၂၄ ခုနှစ်)အခမ်းအနားကို မြို့နယ်ပြည်သူ့ဆေးရုံ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့သည်။

‌‌ရှေးဦးစွာ မိုင်းပန်မြို့နယ် ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာနိုင်လင်းထွန်းက ကိုယ်ဝန်ဆောင်ချိန်မှ မီးဖွားချိန်၊ မီးတွင်းကာလအတွင်း ဆောင်ရန်၊ ရှောင်ရန်များ၊ ‌မွေးကင်းစမှ အသက်(၂)နှစ်အထိ ကလေးများအား ကာကွယ်ဆေးထိုးနှံရန်လိုအပ်ကြောင်း၊ ကာကွယ်ဆေး၏ တန်ဖိုးနှင့် အကျိုးကျေးဇူးများ၊ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းဖြင့် ကာကွယ်၍ရသော ရောဂါများ၊ သေဆုံးမှုကိုလျှော့ချပြီး ကလေးများ၏အနာဂတ် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရာတွင် မြို့နယ်ဆရာဝန်ကြီး ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ကလေးငယ်များအား အသက်အပိုင်းအခြားအလိုက် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်-ဆုံဆို့နာ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

နော်မှိုင်း(ပြန်/ဆက်)