ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် လေဘေးဒဏ်သင့် သမိုင်းဝင်‌ မွေတော်ကက္ကူဘုရား အရံစေတီ ၆ ဆူ ပြန်လည်ပြုပြင်မွမ်းမံရေးအတွက် အလှူငွေများ လှူဒါန်း

ကျောက်တလုံးကြီး မေ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် မေလ ၂ ရက်ညက လေပြင်းတိုက်ခတ်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထီးတော်မြေခခြင်းဖြစ်ပွားခဲ့သည့် မွေတော်ကက္ကူဘုရားဝန်းရှိ အရံစေတီခြောက်ဆူ ပြန်လည်ပြုပြင်မွမ်းမံရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများက ယမန်နေ့မွန်းလွဲ ၁ နာရီတွင် မွေတော်ကက္ကူဘုရားသို့ သွားရောက်ဖူးမြော်၍ အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် မွေတော်ကက္ကူဘုရားဝန်းအတွင်း ပစ္စယံဉာဏ်တော် (၂၂) ပေ၊ ထီးတော် (၂၀)လက်မရှိ အရံစေတီအမှတ် (A-3)၊ အရံစေတီအမှတ် (E-40)၊ အရံစေတီအမှတ် (F-30)၊ အရံစေတီအမှတ် (G-31)၊ အရံစေတီအမှတ် (G-31)၊ အရံစေတီအမှတ် (F-120) တို့အား ကြာမောက်ကြာလန်မှ ကျိုးကျ၍ ထီးတော်မြေခခြင်းဖြစ်ပွားခဲ့သည့်အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆိုပါစေတီများအား ရှေးမူလလက်ရာမပျောက်မပျက်ပဲ ခိုင်ခံ့မှုရှိစွာပြန်လည်ပြုပြင်နိုင်ရေး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းငွေ ကျပ်သိန်း (၉၀) နှင့် မွေတော်ကက္ကူဘုရားအထွေထွေကိစ္စရပ်များအတွက် လှူဒါန်းငွေ ၅ သိန်း ၇ သောင်းကျပ်တို့ကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဘုရားဂေါပကအဖွဲ့ထံသို့လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
 

ဇော်နိုင်လင်း