ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်သူ့ဆေးရုံကြီး၌ ကမ္ဘာ့ကြက်ခြေနီနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စေတနာ့သွေးလှူရှင်များ၏ စုပေါင်းသွေးလှူဒါန်းပွဲနှင့် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲသို့ တက်ရောက်ချီးမြှင့်

မြစ်ကြီးနား မေ ၈

ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီကကြီးမှူး၍ ၂၀၂၄ ခုနှစ်၊ မေ(၈)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ကြက်ခြေနီနေ့အထိန်းအမှတ် မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်ဌာန၌ စေတနာ့သွေးလှူရှင်များ၏ စုပေါင်းသွေးလှူဒါန်းပွဲကို မေ ၇ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ သွေးလှူဒါန်းပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာတင့်နိုင်၊ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်၊ သွေးလှူဘဏ်ဌာနမှ ဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများ၏ အကူအညီဖြင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ရဟန်းသံဃာများနှင့် စေတနာ့သွေးလှူရှင်များ၏ စုပေါင်းသွေးလှူဒါန်းနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကာ အာဟာရဖြည့်စားစရာများကို လည်းကောင်း၊ ပြည်နယ်ကြက်ခြေနီကြီး ကြပ်မှုကော်မတီအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ထောက်ပံ့ငွေများကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအတွင်း ပြည်နယ်တီဗီရောဂါတိုက်ဖျက် ရေးဌာနနှင့် ပြည်နယ်ကိုယ်ခံကျ/ ကာလသားရောဂါတိုက်ဖျက်ရေးဌာနတို့၌ ဝေဒနာရှင်များအား ရောဂါစမ်းသပ်ကုသပေးနေမှုအခြေအနေများနှင့် ဆေးဝါးများ ဖြန့်ဝေပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့အတူ ကုတင်-၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး (၃)ထပ်လူနာကုသဆောင်အတွင်း ကျန်းမာရေးဝန်ကြီးဌာနမှ အထူးကုဆရာဝန်ကြီးများက နှုတ်ခမ်းကွဲ၊ အာ‌ခေါင်ကွဲ လူနာများအား ခွဲစိတ်ကုသပေးခြင်းနှင့် သက်ကြီးဘိုးဘွားများအား သွားတု(အံကပ်)တပ်ဆင်ပေးခြင်း အစီအစဉ် တစ်ရပ်အနေဖြင့် မေ(၂)ရက်နေ့မှ မေ(၉)ရက်နေ့အထိ ဒေသခံများအတွက် အခမဲ့ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့သည် ခွဲစိတ်ကုသမှုလာရောက်ခံယူလျက်ရှိသော လူနာများနှင့် ကလေးငယ်များအား လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး ခွဲစိတ်ဆောင်၌ အထူးကုဆရာဝန်ကြီးများ၏ ခွဲစိတ်ကုသပေးခြင်း လုပ်ငန်းများဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြကာ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစဉ်အတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထို့အပြင် မေ ၆ ရက် ညနေပိုင်းကလည်း ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများသည် ပြည်နယ်ဘောလုံးကွင်း အတွင်း၌ ဧပြီ ၂၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၁)အောက် အမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲစဉ်အဖြစ် နောင်ရာ FC အသင်းနှင့် Brother United FC အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြရာ Brother United FC အသင်းက အနိုင်ရ ဗိုလ်စွဲသည်။

ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါ်နန်ဆိုင်းတို့က ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီပေးခဲ့ကြသည့် အသင်းအဖွဲ့များအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများကို လည်းကောင်း၊ နေရာအလိုက်အကောင်းဆုံးကစားသမားဆုများကို လည်းကောင်း၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစား သမားဆု၊ အကောင်းဆုံးနည်းပြဆုနှင့် အသန့်ရှင်းဆုံးအသင်းဆုများကို လည်းကောင်း ဂုဏ်ပြုဆုငွေနှင့် ဆုတံဆိပ်များကိုလည်းကောင်း အသီးသိးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက တတိယဆုရအသင်းအတွက် တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဆုဖလားတို့အား လည်းကောင်း၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်က တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဆုဖလားတို့အား လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရအသင်းအတွက် တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် တံခွန်စိုက်ဆုဖလားတို့အားလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)