နောင်ချိုမြို့နယ်၌ ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

နောင်ချို မေ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ကြက်ခြေနီအသင်းခွဲမှ ကြီးမှူး၍ ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က တောင်ရပ်ကွက် မဏိရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် နောင်ချိုမြို့နယ် ကြက်ခြေနီအသင်းဥက္ကဠ ဒေါ်သီတာစုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွှန့်ထံမှ ပေးပို့လာသော သဝဏ်လွှာအား ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမောင်မောင်သိန်းက ဖတ်ကြားခဲ့သည်။ ဆက်လက်၍ ကြက်ခြေနီအသင်း ဒု-ဥက္ကဠ ဒေါ်လှလှဝင်းက ကြက်ခြေနီလုပ်ငန်းများ ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနားဖြစ်မြောက်ရေးအတွက် အလှူငွေများထည့်ဝင်ပေးကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်းနှင့် ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း လူမှုကရုဏာလုပ်ငန်းများ၌ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် စေတနာလုပ်အားရှင် ကြက်ခြေနီတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုလက်ဆောင်များကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အခမ်းအနားတွင် ပေါက်ကွဲစေတတ်သော ပစ္စည်းများ၏ ဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးပြခန်းအား တက်ရောက်လာသူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ထွေးငယ်(ပြန်/ဆက်)