ဆီဆိုင် မေ ၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်များနှင့် တာဝန်ရှိသူတို့သည် ယမန်နေ့ နံနက် (၈)နာရီခွဲက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့ ပြန်လည်ထူထောင်ရေးအတွက် ကွင်းဆင်းကြည့်ရှု စစ်ဆေးကြကြောင်း သိရသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာ သွားရောက်ကြည့်ရှုပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်က မကြာမီ ကျောင်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်၍ ကျောင်းများ ယာယီဖွင့်လှစ်နိုင်ရန် နေရာရွေးချယ်ပေးကြရန်၊ သက်ဆိုင်ရာဌာနများကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်၊ ဒေသခံပြည်သူများကလည်း ကလေးများ ကျောင်းတက်နိုင်ရေးအတွက် လှုံ့ဆော်ဆောင်ရွက်ပေးကြရန် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် လုံခြုံရေးပိုင်း တာဝန်ယူရသော အဖွဲ့များကလည်း ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးကြရန် သက်ဆိုင်ရာဌာနများအား မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆီဆိုင်မြို့ အောင်စံပြည့်လွယ်မွေစေတီတော် ကျောင်းဝင်းအတွင်း နယ်စပ်ရေးရာဦးစီးဌာနမှ တည်ဆောက်ထားသော ဆီဆိုင်မြို့ ရပ်ကွက်(၆)ရပ်ကွက်နှင့် ကျေးရွာများကို ဖြန့်ဖြူးပေးလျက်ရှိသော ရေစုကန်အား သွားရောက်ကြည့်ရှု၍ လိုအပ်သည်များကို သက်ဆိုင်ရာဌာနများအား မှာကြားခဲ့ပြီး ဆီဆိုင်မြို့၊ မြို့မစျေး ပြန်လည်သန့်ရှင်းဆောင်ရွက်နေမှု၊ လျှပ်စစ်ဓာတ်အားလိုင်းကြိုးများ ပြန်လည်ပြုပြင်နေမှု၊ ဆီဆိုင်မြို့ဇဝနရာမကျောင်းတိုက်၊ မြို့ဦးရေထွက်မှ ဆိုလာစနစ်ဖြင့် ရေဖြန်ဖြူးပေးနိုင်ရန် ဆောင်ရွက်ထားရှိမှု၊ ဆီဆိုင်အခြေခံပညာအထက်တန်းကျောင်းတွင် မီးသတ်တပ်ဖွဲ့ဝင်များမှ သန့်ရှင်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးတို့က လုံခြုံရေးအတွက် တာဝန်ထမ်းဆောင်နေသောအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များတို့ကို စားသောက်ဖွယ်ရာပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆီဆိုင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မြို့နယ်ပြည်သူ့ဆေးရုံတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဆိုက်ခေါင်မြို့ ဇောတိကာရာမကျောင်းတိုက်တွင် သီတင်းသုံနေသော ဆီဆိုင်မြို့ ဇဝနရာမကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တကောဝိဒအား သွားရောက်ဖူးမျှော်ကြည်ညိုကန်တော့၍ လှူဖွယ်ဝတ္ထုပစ္စည်းနှင့် နဝကမ္မအလှူငွေများ လှူဒါန်းပေးကြသည်။
ယင်းနောက် ဆိုက်ခေါင်မြို့ ပါလောပါကယ်ကျေးရွာအုပ်စုရှိ ဇောတိကာရာမဘုန်းကြီးကျောင်း၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်က ပြန်လည်ထူထောင်ရေးကဏ္ဍတွင် အစိုးရအဖွဲ့တစ်ခုတည်းမဟုတ်ဘဲ ပြည်သူများပါဝင်မှသာ အောင်မြင်မည်ဖြစ်ကြောင်း၊ စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးရန်နှင့် သက်ဆိုင်ရာဌာနများကလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီး ဦးအောင်အောင်က ပြန်လည်ထူထောင်ရေး ကိစ္စရပ်များတွင် ဌာနဆိုင်ရာများအနေဖြင့် အားထည့်ပေးကြရန်၊ ဆီဆိုင်မြို့ ဇဝနရာမကျောင်းတိုက် ဆရာတော်၏ မိန့်ကြားချက်အရ မိုင်းရှင်းလင်းရေး၊ လျှပ်စစ်မီးနှင့် ရေရရှိရေးကို ဦးစားပေးဆောင်ရွက်ပေးကြရန်၊ ဌာနဆိုင်ရာများအားလုံးက တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ပေးကြရန် ပြောကြားပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်တို့က စားသောက်ဖွယ်ရာပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများမှ လက်ခံရယူကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောက်တလုံးကြီးမြို့နယ် ထီလုံရပ်ကွက်နေ ပအိုဝ်းအမျိုးသားခေါင်းဆောင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) နာယက ဦအောင်ခမ်းထီအား သွားရောက်တွေ့ဆုံ ဂါရဝပြု၍ ကျန်းမာရေးအခြေအနေ မေးမြန်းကာ စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)