မိုးညှင်းမြို့၌ လေးဘေးသင့်ပြည်သူ အိမ်ထောင်စု (၁၃၇)စုအား ထောက်ပံ့ငွေနှင့် ပစ္စည်းများ သွားရောက်ပေးအပ်

မိုးညှင်း မေ ၇

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် မေလ (၂) ရက် နေ့လည်ပိုင်းက လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးများကြွေကျခြင်းနှင့် မိုးသည်းထန်စွာရွာသွန်းခြင်းတို့ကြောင်း ကျေးရွာများမှ အိမ်ထောင်စု (၁၃၇) စု၏ လူနေအိမ်များ ပြိုကျပျက်စီးခြင်းနှင့် အမိုးလှန်ခြင်းတို့ ဖြစ်ပွားခဲ့ရာ ယမန်နေ့နံနက် (၁၀) နာရီက ပင်းဟဲကျေးရွာတွင်ထောက်ပံ့ငွေနှင့် ပစ္စည်းများကို တာဝန်ရှိသူများမှ သွားရောက်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ရာတွင် ခရိုင်ဘေးအန္တရာယ် ဆိုင်ရာစီမံခန်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလဖိုင်ဇော်ဂေါင်က လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများနှင့် ပစ္စည်းများပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မိုးညှင်းမြို့နယ် အင်ကြင်းကုန်းကျေးရွာအုပ်စု၊ ဘီလူးကျေးရွာအုပ်စုနှင့် ပင်းဟဲကျေးရွာအုပ်စုတို့မှ လူနေအိမ်ပြိုကျ ပျက်စီးခြင်းနှင့် တစ်စိတ်တစ်ပိုင်းများပျက်စီးခဲ့သည့် အိမ်ထောင်စု (၁၃၇) စု၊ လူဦးရေ (၇၁၇) ဦးအတွက် ဆန်ရိက္ခာ ခုနှစ်ရက်စာတန်ဖိုးငွေကျပ် (၁၅၀၅၇၀၀)၊ အိမ်နှင့် ဘုန်းတော်ကြီးကျောင်း ပြင်ဆင်ဆောက်လုပ်ရန် ဆက်စပ်ပစ္စည်းအတွက် တန်ဖိုးငွေကျပ် (၄၄၇၀၀၀၀) စုစုပေါင်းတန်ဖိုးငွေကျပ် (၅၉၇၅၇၀၀) နှင့် အိမ်ပြိုကျပျက်စီးသွားသည့် အိမ်ထောင်စု (၅) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါပုံးကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက လက်ဝယ်အရောက် အသီးသီးသွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း