တနိုင်း မေ ၇
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းများနှင့် ရပ်/ကျေးစာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး ရက်တိုသင်တန်း (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို မေလ ၆ ရက်နေ့ နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားတွင် တနိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးက အဖွင့်အမှာစကား ပြောကြားရာတွင် သက်ဆိုင်ရာဌာနအလိုက် အသေးစိတ်သိသင့်သိထိုက်သည်များကို ပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်အတွင်း ဖြစ်ပေါ်နေသော မြေယာအမှုဆိုင်ရာကိစ္စများအားလုံးကို ပြည်သူများကျေနပ်အောင် စစ်ဆေးသောပုံစံများနှင့် စစ်ဆေးသာအဖွဲ့များမှလည်း အမှားမှားအယွင်းယွင်းမရှိရစေရန် ထိထိမိမိနှင့် တိကျစွာဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
တနိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းထက်က သင်တန်းဖွင့်လှစ်ပို့ချခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာတွင် ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေးဆိုင်ရာ ပို့ချချက်၊ ရုံးစာရေးသားနည်းများ၊ ခွင့်အမျိုး အစားများ၊ နိုင်ငံ့ဝန်ထမ်းများ လိုက်နာရမည့်တာဝန်များ၊ မြေဌားဂရန်အမှုတွဲ ဆောင်ရွက်ခြင်းများ၊ ဝန်ထမ်းကောင်း၏ ခံယူချက်များ၊ အစည်းအဝေးကျင်းပခြင်းနှင့် မှတ်တမ်းတင်ခြင်း၊ စာရွက်စာတမ်းများ လုံခြုံစွာကိုင်တွယ်ထိန်းသိမ်းခြင်း၊ ဝန်ထမ်းပြစ်ဒဏ်(၉)မျိုး၊ နိုင်ငံ့ဝန်ထမ်းစည်းကမ်းများ ပါဝင်မည်ဖြစ်ကြောင်းနှင့် သင်တန်းပြီးမြောက်သည့်အခါ ဆုပေးဒဏ်ပေးစနစ်ကို ထည့်သွင်း ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြေစာရင်းဦးနှင့်စိုက်ပျိုးရေးဌာနများမှ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
နေလင်းထူး(ပြန်/ဆက်)