တောင်သာမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ကျေးရွာများ ရွေးချယ်ခြင်းပြုလုပ်

တောင်သာ  မေ ၇

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာလူထုအခြေပြုစနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ကျေးရွာများ ရွေးချယ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစီးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက အခမ်းအနားပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ရာ ကျေးရွာ ရွေးချယ်ရာတွင် အခြေခံရွေးချယ်ရမည့် မူဝါဒများ၊ စီမံကိန်းဆောင်ရွက်မည့် စီမံကိန်းအမျိုးအစားများကို ရှင်းလင်းခဲ့ပြီး မူဝဒများနှင့်ကိုက်ညီသော ကျေးရွာများကို ရွေးချယ်ပေးကြရန် တိုက်တွန်းဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော သက်ဆိုင်သူအားလုံးပါဝင်သော (Stakeholder)များက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာ(၁)ရွာနှင့် ကျေးရွာလူထုကိုယ်တိုင် ကျေးရွာ၏ ပကတိ ဖွံ့ဖြိုးရေးလိုအပ်ချပ်များကို ဖော်ထုတ်၍ ပြည်သူပူပေါင်းဝင်သော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ကျေးရွာ (၁၀)ရွာကို အများသဘောတူ ရွေးချယ် အတည်ပြုခဲ့ကြကြောင်း သိရသည်။

ထိုသို့ရွေးချယ်ရာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ရန် ဘုရားလှကျေးရွာအားလည်းကောင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန် အလယ်ချိုင့်(တ)ကျေးရွာ၊ ပေါက်ကန်ကျေးရွာ၊ သဲတောကျေးရွာ၊ သပြေပင် ကျေးရွာ၊ ဆုံကုန်းကျေးရွာ၊ ကျူချောင်းကျေးရွာ၊ မြို့ဘကျေးရွာ၊ ထန်းပင်ခြံ(ရွာမ)ကျေးရွာ၊ ငါးပင်စင်ကျေးရွာ၊ ရုံးစည်ကြီးကျေးရွာတို့အား ရွေးချယ်အတည်ပြုခဲ့ကြကြောင်းသိရပြီး အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် (TPIC) ကော်မတီ အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာများက တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)